လီဗာပူးသမိုင်းတလျှောက် လိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဆာလာ စံချိန်သစ်တင်

လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ မန်ယူအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့ပြီးနောက် အသင်းရဲ့ သမိုင်းတလျှောက် လိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
လီဗာပူးက မန်ယူ အသင်းကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဆာလာက ပရီးမီးယားလိဂ်သွင်းဂိုး ၁၂၈ ဂိုးမြောက် နဲ့ ၁၂၉ ဂိုးမြောက် ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။
ဒီအရေအတွက်ဟာ လီဗာပူးဂန္ထဝင် ရော်ဘီဖောင်လာရဲ့ ၁၂၈ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
လီဗာပူးအသင်းကို စတင်ရောက်ရှိချိန်ကတည်းက အဲဒီလို ဂိုးသွင်းစံချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ စိတ်ကူးခဲ့ပြီး ထူးခြားတဲ့စံချိန်ဖြစ်ကြောင်း၊ မန်ယူနိုက်တက်အသင်းကိုလည်း စံချိန်တင် ဂိုးအပြတ်ဆုံး ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဟာ မယုံကြည်နိုင်စရာကောင်းကြောင်း ဆာလာက ပြောပါတယ်။
အီဂျစ်တိုက်စစ်မှူးဟာ မန်ယူအသင်းဘက်ကို စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လီဗာပူး ကစားသမားတွေထဲမှာ မန်ယူအသင်းဘက်ကို အများဆုံး ဂိုး သွင်းနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။