close

ချင်းမိုင်ခရိုင်တွင် မိုးသက်လေပြင်းကျပြီး လူနေအိမ်၊ အဆောက်အအုံများပျက်စီး၊ သစ်ပင်များလဲကျ

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက မိုးသက်လေပြင်းကျပြီး မိုးသီးတွေပါကြွေတဲ့အတွက် လူနေအိမ်ခြေပေါင်း ၆၀၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းမိုင်ခရိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ် ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ 

အဆိုပါအိမ်ခြေပေါင်း ၆၀၀ ကျော်ဟာ ချင်းမိုင်၊ မဲ့လိမ်း၊ ဆန်ကမ်ဖိုင်းနဲ့ ဆန်ဆိုင်းမြို့နယ် ၄ ခုထဲမှာပါဝင်ပြီး လေပြင်းတိုက်လို့ နေအိမ်၊ အဆောက်အဦ၊ ကားရုံတွေ ခေါင်မိုးလွှင့်ထွက်တာ ၊ မိုးသီးတွေကြွေကျပြီး ခေါင်မိုး အပေါက်တွေဖြစ်ကုန်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သက်တမ်းရင့်သစ်ပင်ကြီးတွေ၊  ဓာတ်မီးတိုင်တွေ၊ ဆိုင်းဘုတ်တွေ ပြိုလဲပျက်စီးပြီး နေအိမ်နဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေပေါ် ကျိုးကျပျက်စီးခဲ့ရကြောင်း၊ သစ်ပင်နဲ့ ဓာတ်မီးတိုင်တွေ လမ်းပေါ်လဲ ကျတာကြောင့် လမ်းပိတ်ပြီးယာဉ်ကြောပိတ်တာ၊ ရပ်ကွက်အတော်များများ လျှပ်စစ်မီးပြတ်တောက် တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

လေပြင်းနဲ့မိုးသီးဒဏ် အဆိုးရွားဆုံးခံရတဲ့နေရာမှာ ချင်းမိုင်မြို့ ဒွိုင်ဆုထိပ်တောင်ပေါ်ရှိ  ဒွိုင်ဆုထိပ်ရပ်ကွက်မှာ နေအိမ် ၂၂၂ လုံး  ၊ ဖူးဖိင်းရပ်ကွက်မှာ နေအိမ် ၅၇ လုံး ၊ ဒွိုင်ပွီမှာ နေအိမ် ၃၀၀ လို့ဆိုပါတယ်၊ အချို့နေအိမ်တွေမှာ‌ ခေါင်မိုးတစ်ခုလုံးမိုးသီးတွေနဲ့ပြည့်သွားခဲ့ပါတယ်။ 

ချင်းမိုင်မြို့ ဖားဟမ့်ရပ်ကွက် ထိပ်ပန်းယားဆေးရုံရှေ့ မီးပွိုင့်မှာ ဓာတ်မီးတိုင်တွေ ရုတ်တရက်ကျိုးကျလာတဲ့အတွက် မီးနီမှာရပ်စောင့်နေတဲ့ ကား ၃ စီးခန့်ပျက်စီးခဲ့ပြီး အနီးနား ကားဝပ်ရှော့ဆိုင်မှာရပ်ထားတဲ့ကားပေါ်တော့ သစ်ပင်ကြီးတွေကျိုးကျလို့ ပျက်စီးခဲ့ပါတယ်။  

မဲ့လိမ်းမြို့နယ်မှာဆိုရင် ဟွေ့ဆိုင်း ၊ ခိလိတ် ၊ ဆလောင်း ၊ လိမ်းနေ၊ မဲ့ လဲမ်း ၊ လိမ်းတိုက်၊ ဆန်ပုံ စတဲ့ရပ်ကွက်တွေမှာလည်းကောင်း၊ ဆန်ဆိုင်းမြို့နယ်မှာ ဆန်ဆိုင်းနွဲ့၊ မဲ့ဖက်မိုင်၊ ဖန်ဖနစ်၊ နောင်ဟန်စတဲ့ရပ်ကွက်မှာလည်းကောင်း မိုးသက်လေပြင်းနဲ့မိုးသီးတွေကြွေကျခဲ့ကာ ဆန်ကမ်ဖိုင်းမြို့နယ် ဝပ်ဆန်နေကျောင်းတိုက်က သက်တမ်းရင့်သစ်ပင်ကြီး ၂ ပင် ကျောင်းတိုက် အုတ်တံတိုင်းနဲ့ ကားရုံပေါ် လဲပြိုကျလို့ တံတိုင်းနဲ့ ကားရုံထဲက ကား ၃ စီးပျက်စီးခဲ့ပါတယ်။ 

ဖူးဖိင်းရပ်ကွက်နေပြည်သူတယောက်က ဂေါက်သီးလုံးလောက်ရှိတဲ့ မိုးသီးတွေကို ကိုင်ပြပြီး သူ့အသက် ၄၀ ကျော်အတွင်း ဒီလောက်ကြီးတဲ့မိုးသီးတွေကို အခုပထမဆုံးမြင်ရတာလို့ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ရင်း ပြောပြပါတယ်။ 

မတ်လ ၁၈ ရက်နေ့မှာလည်း ချင်းမိုင်ခရိုင်မှာ မိုးထပ်ရွာပြီး လေပြင်းတိုက်တာနဲ့ မိုးသီးကျွေတဲ့သတင်းတွေတော့ မတွေ့သေးပါဘူး။ 

ထိုင်းနိုင်ငံ မိုးဇလဌာနထုတ်ပြန်ချက်အရ မတ်လ ၁၉ ရက်မှ ၂၂ ရက်အတွင်း ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း ( ဘန်ကောက်အနီးတဝိုက်အပါအဝင် ) ၊ နဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျတာ၊ မိုးသီးကျွေတာ၊ မိုးကြိုးပစ်၊ လျှပ်စီးလျှပ်တာတွေ ဖြစ်ပေါ်နိုင်သေးတယ်လို့ ခန့်မှန်းပါတယ်။ 

ကိုးကား - https://www.chiangmainews.co.th/topstories/2909195/

Up