ဆိုးလ်မြို့တွင် တောမီးလောင်ပြီး လူနေအိမ်ခြေ ၁၂၀ ခန့် ဘေးလွတ်ရာပြောင်းရွှေ့

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်မှာ ဧပြီ ၂ ရက်က တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး အိမ်ခြေ ၁၂၀ ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လူဦးရေထူထပ်တဲ့ ဆိုးလ်မြို့လယ်က တောင်တန်းတခုမှာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၅၃ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘောလုံးကွင်း ၃၀ စာ ပမာဏရှိတဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီတရက်တည်းမှာတင် ညနေ ၅ နာရီလောက်က မီးငြှိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
မီးသတ်သမားတွေက မီးသတ်လေယာဉ်နဲ့အတူ မီးငြှိမ်းသတ်နေစဉ်မှာပဲ ဒီသစ်တောထဲကနေ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို ဆိုးလ်မြို့အနှံ့အပြားမှာ တွေ့ရပါတယ်။
ရဟတ်ယာဉ်အများအပြားကလည်း ဟန်မြစ်ပေါ်မှာ ပျံဝဲနေကြပြီး မီးငြှိမ်းသတ်ရာမှာ ရေထောက်ပံ့ပေးဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ မျက်မြင်သက်သေတဦးက ဆိုပါတယ်။