ကေအန်ယူနယ်မြေတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) နယ်မြေထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေက ဒေသခံ ပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ တပ်မ-၇၇ က ကျောက်ကြီးမြို့က ဆင်မတောင်၊ ခြေတော်ရံနဲ့ ဆိပ်ကြီးကနေ လယ်ဒိုမြို့နယ်ထဲက ပေတူး၊ စပ်လဲကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ၁၀ လုံးကျော် ပစ်ခတ်ခဲ့တာကြောင့် ရွာလုံးကျွတ် အသက်ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကလေး ၂ ယောက်အပါအဝင် ဒေသခံပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေတူးကျေးရွာနဲ့ စပ်လဲကျေးရွာတွေအပြင် အနီးနားကျေးရွာတွေကလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လယ်ဒိုမြို့နယ်မှာ စစ်ဘေးရှောင်နေရသူပေါင်း ၁,၀၅၆ ယောက် ရှိလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ နိုင်ငံတဝန်းမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတ် ၂၇ ရက်အထိ နောက်ဆုံးကိန်းဂဏန်း တွေအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီလို့ ပြောပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။