အာရှသားတွေလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်ဟု ဆွန်ဟောင်မင်ပြော

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာရှတိုက်က ကစားသမားတွေဟာလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိစေချင်ကြောင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောသွားပါတယ်။ တောင်ကိုရီးယား တိုက်စစ်မှူးဟာ မနေ့ညက ကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် ပရီးမီးယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး အာရှကစားသမားတွေထဲမှာ ဂိုး ၁၀၀ ပြည့်ခဲ့ တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
အာရှကစားသမားတွေနဲ့ အထူးသဖြင့် တောင်ကိုရီးယားကစားသမားတွေအနေနဲ့ ဒီလိုအောင်မြင်မှုကိုကြည့်ပြီး သူတို့လည်း အလားတူလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်တယ်လို့ ဆွန်ဟောင်မင်ကပြောပါတယ်။
“ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့တာက အာရှတိုက်ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ကျနော့်အနေနဲ့ လူငယ်တွေ ကူညီဖို့ အတုယူစရာ စံပြကစားသမားဖြစ်ဖို့ တာဝန်ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ အာရှကစားသမားတွေဟာလည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေပြသနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်ပါတယ်” လို့ ဆွန်ဟောင်မင်ကပြောပါတယ်။
ဆွန်ဟောင်မင်ဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုကို လီဗာပူးတိုက်စစ်မှူးဆာလာနဲ့ ပူးတွဲရယူနိုင်ခဲ့ပါသေးတယ်။