ဗီယက်နမ်အတွက် ဂျပန်က ကိုဗစ်ကာကွယ်ဆေး ၁ သန်းလှူဒါန်း

အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို ဂျပန်နိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းလှူဒါန်းလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ် ယာမာဒါ တာကီရိုနဲ့ ဗီယက်နမ် ကျန်းမာရေးဝန်ကြီး ငုယင် သန်လောင်တို့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ဇွန် ၁၅ ရက်နေ့က သဘောတူစာချွန်လွှာ လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကတည်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျင်လျင်မြန်မြန် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါအန္တရာယ်ကြောင့် နိုင်ငံတွင်း လူမှုအလှမ်းခွာ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ထားခဲ့ရပြီး တဆက်တည်းမှာပဲ နိုင်ငံ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရသေးတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးဟာ ဗီယက်နမ် အစိုးရ အတွက် အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်နေတာပါ။
ဂျပန်နိုင်ငံအစိုးရကတော့ နိုင်ငံတွင်း ပိုလျှံ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို နိုင်ငံခြား တိုင်းပြည်တွေကို ပေးပို့ဖို့ ပေါ်လစီချမှတ်ထားခဲ့ပြီးဖြစ်ကာ အခုလအစောပိုင်းတုန်းက လည်း ထိုင်ဝမ်နိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၂ သန်းလှူဒါန်းခဲ့သေးတယ်လို့ NHK သတင်းက ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံတဝန်းမှာ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၁၁,၂၁၂ ယောက်နဲ့ သေဆုံးသူ ၆၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။
Photo- The Nation