မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၆ ဦးရှိလာ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ကိုဗစ်အတည်ပြု လူနာ ၁ ဦး ဇွန်လ ၂၇ ရက်နေ့မှာ ထပ်မံသေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူက DVB ကို ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာဟာ သံဖြုဇရပ်မြို့နယ်က အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ဇွန်လ ၂၈ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၆ ဦးထိ ရှိလာခဲ့တာပါ။
ရောဂါပိုးတွေ့ရှိမှုအရ ပြည်နယ်တခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ထိ ရှိလာခဲ့ပြီး မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ရောဂါပိုး အများဆုံး ကူးစက်ခံထားရပါတယ်။
မွန်ပြည်နယ်က ကိုဗစ်အတည်ပြုလူနာတွေကို မော်လမြိုင်က ကိုဗစ်ကုသရေးဆေးရုံ Isolation 1 နဲ့ Isolation 3 တွေမှာ စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။