close

အမေရိကန်နှင့် သံတမန်ဆက်ဆံရေး ဆန္ဒရှိနေဆဲဟု တာလီဘန် ပြော

အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ စိတ်ကြီးဝင်မှုကနေ လှုံ့ဆော်လို့ ဖြစ်လာတဲ့ စကတည်းက မဆင်ခြင်ခဲ့တဲ့ လုပ်ရပ် ဖြစ်ခဲ့ပေမဲ့ တာလီဘန်တွေကတော့ အမေရိကန်နဲ့ သံတမန် ဆက်ဆံရေးကို ဆန္ဒရှိဆဲပါလို့ တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က သြဂုတ် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

“စစ်ဖြစ်စရာ မလိုပါဘူး။ ကံမကောင်းစွာနဲ့ အမေရိကန် အရာရှိတွေက အဲဒီအချိန်က စိတ်ကြီးဝင်နေခဲ့တယ်။ သူတို့လုပ်ရပ်ရဲ့ ရလဒ်ကို မစဉ်းစားခဲ့ကြဘူး။ ဒီတော့ ရလဒ်က သူတို့ ရှုံးခဲ့တယ်” လို့ တာလီဘန် ပြောခွင့်ရက ပြောပါတယ်။ 

အာဖဂန်အရှေ့ပိုင်းက ခို့စ်မြို့မှာတော့ တာလီဘန်တွေကို ထောက်ခံသူတွေက အမေရိကန်နဲ့ နေတိုးအလံတွေ အုပ်ထားတဲ့ ခေါင်းတလားတွေကို သယ်ဆောင်ရင်း သြဂုတ် ၃၁ ရက်မှာ ချီတက်ခဲ့ပါတယ်။

အမေရိကန်နောက်ဆုံးတပ်တွေ ဆုတ်ခွာအပြီး တာလီဘန်တွေကို ထောက်ခံသူတွေက နိုင်ငံတလွှားမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေတာပါ။

ချီတက်သူတချို့က သေနတ်တွေကို ကိုင်ဆောင်ထားပြီး တချို့ကတော့ တာလီဘန် အလံတွေကို ဝှေ့ယမ်းနေကြပါတယ်။

အမေရိကန် နောက်ဆုံးစစ်သား အာဖဂန်ကနေ နောက်ဆုံး လေကြောင်းခရီးစဉ်နဲ့ မထွက်ခွာခင် အာဖဂန် အရပ်သားဦးရေ ၁၂၃,၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ နောက်ဆုံးစစ်တပ် ဆုတ်ခွာအပြီး အရုဏ်မတက်ခင်မှာ တာလီဘန်တွေဟာ လေဆိပ်ကို ထိန်းချုပ်ခဲ့တာပါ။

အမေရိကန် နောက်ဆုံးတပ်ဟာ ညသန်းခေါင်မရောက်ခင် ၁ မိနစ်အလိုမှာ C17 လေယာဉ်နဲ့ ပျံထွက်သွားအပြီး အနှစ် ၂၀ စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

အာဖဂန်မှာ အမေရိကန် စစ်ပွဲအတွင်း အမေရိကန် စစ်သည် ၂၅၀၀ နီးပါးနဲ့ ခန့်မှန်းခြေ အာဖဂန်ပြည်သူ ၂၄၀,၀၀၀ သေဆုံးခဲ့ပြီး စစ်စရိတ် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ကုန်ကျခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up