ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ ပိုလန်သမ္မတ အရေးပေါ်အခြေအနေကြေညာ

ကွန်မြူနစ်ခေတ်လွန်သမိုင်းမှာ မကြုံဖူးတဲ့ အပြောင်းအလဲတစ်ခုအဖြစ် ပိုလန်နိုင်ငံအတွင်း တရားမ၀င်ရွှေ့ပြောင်းနေထိုင်မှုတွေ မြင့်တက်လာပြီး ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့ ဒေသနှစ်ခုရှိ အစိတ်အပိုင်းတွေမှာ ပိုလန်သမ္မတက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ပိုလန်နိုင်ငံဟာ ကိုယ့်နိုင်ငံ နယ်နိမိတ်အတွက်သာ တာဝန်ရှိရုံမက ဥရောပသမဂ္ဂ နယ်နိမိတ်အတွက်ပါ တာဝန်ရှိနေတာကြောင့် ပိုလန်နဲ့အီးယူရဲ့ လုံခြုံရေးကို အစီအမံတွေ သေချာ ချမှတ် လုပ်ဆောင်ရမယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပိုလန်နိုင်ငံဟာ နယ်နိမိတ်တစ်လျှောက် လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ ခြံစည်းရိုး တည်ဆောက်တာနဲ့ တပ်ဖွဲ့နေရာချထားတာတွေ လုပ်နေတာပါ။
သြဂုတ်တလတည်းမှာပဲ နယ်စပ်ကို တရားမ၀င်ဖြတ်ဖို့ ကြိုးပမ်းမှုပေါင်း ၃၅၀၀ လောက် ရှိခဲ့ပြီး အဲ့ဒီထဲက ၂၅၀၀ ကို တားဆီးနိုင်ခဲ့တယ်လို့ ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီဒေသမှာ အရေးပေါ်အခြေအနေကြေညာဖို့ ဒုတိယအကြောင်းအရင်းက စစ်ရေးလေ့ကျင့်မှုပါလို့ ပိုလန်ပြည်ထဲရေး၀န်ကြီး မာရီရဇ်ခါမင်စကီက ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာ ပိုလန်အနီး ရုရှားနဲ့ဘီလာရုစ်နယ်စပ်နားမှာကျင်းပဖို့ ရုရှားစစ်တပ်က စီစဉ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်းမှာ ဖြစ်လာနိုင်တဲ့ ရန်စမှုတွေအတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
West-2021 စစ်ရေးလေ့ကျင့်မှုမှာ မော်စကို ဦးဆောင်တဲ့ ကာကွယ်ရေးအဖွဲ့၀င် ကာဇက်စတန်မှ စစ်သားတွေအပါအဝင် ထောင်နဲ့ချီတဲ့ စစ်သည်တွေအပြင် တင့်ကားတွေ၊ အမြောက်တွေနဲ့ လေယာဉ်တွေလည်း ပါဝင်မှာပါ။