ဟာလန်းနှင့် အမ်ဘာပေတို့ စဉ်ဆက်မပြတ်ကြိုးစားရန်လိုကြောင်း စီရော်နယ်ဒို အကြံပြု

မျိုးဆက်သစ်လူငယ်တွေအနေနဲ့ စဉ်ဆက်မပြတ်ကြိုးစားဖို့လိုကြောင်း မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စီရော်နယ်ဒိုက မှတ်ချက်ပေးရာမှာ စဉ်ဆက်မပြတ် ကြိုးစားကြဖို့ လိုတယ်လို့ အကြံပေးခဲ့တာပါ။
လက်ရှိမျိုးဆက်သစ်က စားသမားတွေကို တွေ့မြင်နေရတာက စိတ်လှုပ်ရှားစရာကောင်းပြီး ဘယ်သူက အကောင်းဆုံးဖြစ်မယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲတယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
“မျိုးဆက်သစ် ကစားသမားတွေကို မြင်တွေ့ရတာက စိတ်လှုပ်ရှားစရာကောင်းပြီး ဟာလန်းနဲ့ အမ်ဘာပေတို့လို ကစားသမားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့ကတော့ တစ်ရာသီ နှစ်ရာသီလောက်ပဲ ခြေစွမ်းပြနိုင်ကြတယ်။ တကယ်စစ်မှန်ပြီး ခမ်းနားတဲ့ ကစားသမားတွေကတော့ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ကြတာပါ။ ဒီလိုလုပ်နိုင်ဖို့က ခက်ပါတယ်။ ပြင်းထန်တဲ့ ကြိုးပမ်းမှုတွေ လိုတယ်။ စိတ်ပိုင်းဖြတ်မှုတွေ အများကြီး လိုတယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။
မန်ယူနိုက်တက်နဲ့လည်း သတင်းထွက်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကတော့ ရော်နယ်ဒိုက အားလုံးအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ ချီးကျူးဖူးပါတယ်။