အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

အရှေ့ဥရောပက ယူကရိန်းနိုင်ငံအရေး တင်းမာမှုမြင့်မားနေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှစ်ဦး မိနစ် ၅၀ ကြာ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ပါတယ်။ ရုရှားစံတော်ချိန် ည ၁၂ နာရီကျော် ဆွေးနွေးဖို့ သမ္မတပူတင်က ဖိတ်ခေါ်ခဲ့တာပါ။ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦး ဒီဇင်ဘာလအတွင်း ဒုတိယအကြိမ် အရေးပေါ် ဆွေးနွေးမှု ဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ထောင်ပေါင်းများစွာ စစ်ရေးလေ့ကျင့်နေတာကို အနောက်အုပ်စုက စိုးရိမ်နေပါတယ်။ သမ္မတပူတင်ကတော့ ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းလိုက်ပြီး ရုရှားမြေပေါ်မှာပဲ သူကြိုက်သလို စစ်ရေးလေ့ကျင့်နေတာပါလို့ ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးက ယူကရိန်းအရေး၊ ဥရောပလုံခြုံရေး၊ အီရန် နျူကလီးယား အစီအစဉ် အပါအဝင် အဓိက အကြောင်းအရာ ခေါင်းစဉ်များစွာ ဆွေးနွေးခဲ့ပါတယ်။ အခုဆွေးနွေးမှုက ဇန်နဝါရီ ၁၂ နဲ့ ၁၃ မှာ ကျင်းပမယ့် အမေရိကန်၊ ရုရှားနဲ့ ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမတိုင်ခင် ရှေ့ပြေးဆွေးနွေးမှုပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်းနယ်စပ်ကနေ ရုရှားတပ် ၁၀၀၀၀ ကျော် ပြန်ဆုတ်သွားပေမဲ့၊ အမေရိကန်ဘက်က ရုရှားအပေါ် သံသယတွေ စိုးရိမ်မှုတွေ ရှိနေပြီး အဆက်မပြတ် စောင့်ကြည့်နေတယ်လို့ အမေရိကန်အရာရှိတချို့ကလည်း ပြောခဲ့ပါတယ်။