နိုင်ပွဲရသော်လည်း ပိုကောင်းသည့်အသင်းမဟုတ်ခဲ့ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ

အာဆင်နယ်ကို အနိုင်ရခဲ့ပေမယ့် ပိုကောင်းတဲ့အသင်းမဟုတ်ခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးသွင်းတာခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဒုတိယပိုင်း ၅၉ မိနစ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ မန်စီးတီးကတစ်ယောက် အသာနဲ့ ကစားခဲ့ရသလို ပင်နယ်တီကန်သွင်းခွင့်လည်းရခဲ့တာပါ။ အာဆင်နယ်အသင်းကပိုကောင်းအောင် ကစားနိုင်တဲ့အသင်းဖြစ်ခဲ့ပြီး ပွဲပန်းမှုတွေကြောင့် အင်ပြည့်အားပြည့်မကစားနိုင်ခဲ့ဘူးလို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။
“ကျနော်တို့ အင်ပြည့်အားပြည့်မကစားနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ပွဲကိုထိန်းချုပ်ဖို့ ကွင်းလယ်မှာ ကစားသမားတစ်ယောက်ထပ်ထည့်ခဲ့ရတာပါ။ လက်ရှိအချိန်မှာ ပုံစံကောင်းရနေတဲ့အသင်းကို အီမရိတ်မှာ လာကစားရတာကမလွယ်ပါဘူး။ ခက်ခဲခဲ့ပါတယ်။ ခုတော့ ကျနော်တို့ နားရက်ကောင်းကောင်းပြန်ရပါပြီ” လို့ နည်းပြဂွာဒီယိုလာကပြောသွားပါတယ်။
စီးတီးဟာ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးနဲ့ လီဗာပူး ထိပ်တိုက်ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးကို ၁၁ မှတ်၊ လီဗာပူးကို ၁၂ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။