close

နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခဲ့သူများ မုချဧကန် တရားရင်ဆိုင်မည်ဟု ကုလစုံစမ်းစစ်ဆေးအဖွဲ့ ခေါင်းဆောင်ပြော

ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေအနေနဲ့ ဒီအမှုတွေအတွက်  အချိန်ကန့်သတ်ချက်မရှိဘဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မုချဧကန် တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ (IIMM) ခေါင်းဆောင် နီကိုလပ်ကိုမီဂျီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်နဲ့ပတ်သက်ပြီး  IIMM အဖွဲ့ခေါင်းဆောင် နီကိုလပ်ကိုမီဂျီက  ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာဖြစ်ပါတယ်။

“ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေအနေနဲ့ ဒီအမှုတွေမှာ  အချိန်ကန့်သတ်ချက် ဥပဒေမရှိဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။ နိုင်ငံတကာ တရားမျှတမှုဟာ အချိန် ဘယ်လောက်ကြာကြာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ့်အရာ မဟုတ်တဲ့အတွက် အဆိုးရွားဆုံး နိုင်ငံတကာ ပြစ်မှုကျူးလွန်သူတွေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မုချဧကန် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်”လို့ နီကိုလပ်ကိုမီဂျီက  ပြောပါတယ်။

မြန််မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တဲ့ အခြေအနေ ပုံစံမျိုးမှာ လူပေါင်း တစ်ထောင်ကျော် အသတ်ခံခဲ့ရတာကို တစ်နှစ်အတွင်း ရရှိခဲ့တဲ့ အစီရင်ခံစာတွေအရ သိရပါတယ်လို့ဆိုပါတယ်။ လုံခြုံရေးအဖွဲ့ဝင်တွေဟာ အရပ်သားထောင်ပေါင်းများစွာကို ဖမ်းဆီးချုပ်နှောင်ပြီး ဖမ်းဆီးထားစဥ်မှာ ညှဉ်းပမ်းနှိပ်စက်တာ၊ ဖမ်းဆီးထားစဥ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာနဲ့ သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ စွဲဆိုမှုတွေ ရှိတယ်လို့လည်း နီကိုလပ်ကိုမီဂျီက  ပြောဆိုပါတယ်။ 

“မြန်မာနိုင်ငံတွင်း ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှုနဲ့ ဆီလျော်မှုရှိတဲ့ အထောက်အထားတွေကို ကျွန်တော်တို့နဲ့ မျှဝေပေးတဲ့ထောင်သောင်းချီတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ယန္တရားက အင်မတန် ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့နဲ့ အဆက်အဆံလုပ်သူများရဲ့ လုံခြုံရေး၊ အန္တရယ် ကင်းရှင်းရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပြီး၊ သူတို့ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေ သဲထဲရေသွန် မဖြစ်ရအောင် အမှုတွဲများ တည်ဆောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။”လို့ နီကိုလပ်ကိုမီဂျီက ပြောပါတယ်။  

ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်တာဟာ ကြီးလေးတဲ့ စိန်ခေါ်မှုကြီးဖြစ်ပြီး အားကောင်းတဲ့အမှုတွဲတွေကို တည်ဆောက်မှုဟာ အချိန်ကြာတတ်ကာ အရင်းအမြစ်တွေအတော်လိုအပ်တယ်၊ IIMM အဖွဲ့အနေနဲ့ အဖြစ်အပျက်တွေကို မျက်ခြေမပြတ်စောင့်ကြည့်ကာ ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်ဘောင် အတွင်းကနေ အဆက်မပြတ် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်အကြာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၁၉၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Photo-IIMM

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up