close

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ မိုင်တဲလ်တာဝါတိုင်ကို PDF က မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စု၊ ရွာသစ်ကုန်းရွာမှာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက တကူဘက်ကနေ စစ်ကောင်စီတပ်သားတွေ မောင်းနှင်လာတဲ့ ဆိုင်ကယ် ၇ စီးကို ဘက်မလိုက်ပြောက်ကျားအဖွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြသလို စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက  သိန္ဓောကျေးရွာအတွင်းက ဒေသခံတစ်ဦးရဲ့ နေအိမ်က ပစ္စည်းတွေကို အကြောင်းမဲ့ ဖျက်ဆီးမီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွေဖြစ်ပွားပြီး ညနေပိုင်းမှာတော့ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကိုလည်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းမှာလည်း စစ်‌ကောင်စီဘက်က နယ်မြေအခြေအနေ သတင်းထောက်လှမ်းမှုတွေကို အခုလတွေအတွင်း အကြိမ်ရေတိုးပြီး လုပ်ဆောင်လာနေတယ်လို့ နယ်ခံလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ပွင့်လင်းရာသီအစ အောက်တိုဘာ၊ နိုဝင်ဘာလောက်ကတည်းစပြီး၊ ပုလောမြို့ ဧရိယာဝန်းကျင်နဲ့ ပုလောမြို့ အရှေ့ဘက်ခြမ်း၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေတခွင်ကို ဝေဟင်ကနေ ကင်းထောက်လေယာဉ်တွေအပြင် ဒရုန်းတွေပါ အသုံးပြုပြီး ပုံမှန်ကင်းထောက်လှမ်းမှုတွေ ပြုလုပ်နေတယ်လို့ နယ်ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဝေဟင်ကနေ ကင်းထောက်နေသလို မြေပြင်မှာလည်း ပုံစံအမျိုးမျိုးနဲ့ လာရောက်ထောက်လှမ်းနေတာတွေ ရှိတယ်လို့ စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့ ဒေသခံတွေက ဆိုပါတယ်။ 

ပုလောမြို့ရဲ့ အရှေ့ခြမ်းဧရိယာရှိ ကေအန်ယူ ထိန်းချုပ် နယ်မြေအတွင်းက ကရင်တိုင်းရင်းသားကျေးရွာအုပ်စုတွေအပြင်၊ ပုလောမြို့နယ် တောင်ဘက်အခြမ်းရှိ ကျေးရွာအုပ်စုတွေကိုလည်း ပုံမှန်ကင်းထောက်လှမ်းတာတွေ ပြုလုပ်နေတာဖြစ်တယ်။

မကြာသေးခင်က မြိတ်‌ဘက်ကို လောင်စာဆီ (လေယာဉ်ဆီ) ပို့ဆောင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာပါက ရှောင်တိမ်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတယ်လို့ ကရင်တိုင်းရင်းသား ရွာခံတစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up