ခိုးယူထားသည့် ခရစ်တိုငွေကြေးဖြင့် မြောက်ကိုရီးယားက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နေဟုဆို

မြောက်ကိုရီးယားဟာ ခိုးယူထားတဲ့ခရစ်တိုငွေကြေးနဲ့ ကုန်ကျစရိတ်များတဲ့ ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေတာလို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားက ဇန်နဝါရီလအတွင်း ကုန်ကျစရိတ်များတဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ခဲ့တာဟာ ဘယ်လိုဝင်ငွေတွေနဲ့ လုပ်ခဲ့သလဲဆိုတာ စိတ်ဝင်စားစရာတွေ ဖြစ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတခုမှာ ပြုံယမ်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရေးကြီးတဲ့ ဝင်ငွေအတော်များများကို ကမ္ဘာ့ ခရစ်တိုငွေကြေး အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းတွေကို ဆိုက်ဘာတိုက်ခိုက်ပြီး ခိုးယူရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၀ နဲ့ ၂၀၂၁ နှစ်လယ်အကြားမှာ မြောက်ကိုရီးယား ဟတ်ကာတွေက ခရစ်တိုငွေကြေးလုပ်ငန်းသုံးခုကို ဖောက်ထွင်းပြီး ဒေါ်လာ သန်း ၅၀ ကျော် ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Chainalysis ရဲ့ စောင့်ကြည့်အစီရင်ခံစာကလည်း မြောက်ကိုရီးယားက ၂၀၂၁ ခုနှစ်အတွင်း ခရစ်တိုငွေကြေးရောင်းဝယ်လုပ်ငန်းတွေကို ၇ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ ခိုးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ကာကွယ်ရေးဌာနတွေရဲ့ စောင့်ကြည့်မှုအရ ဇန်နဝါရီလအတွင်း မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် ၉ ခု ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။