close

ကေအန်ယူနယ်မြေ၌ တစ်လအတွင်း တိုက်ပွဲ ၄၃၅ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၄၀၀ ခန့်သေဆုံး

တလအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၄၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၃၉၉ ယောက် သေဆုံးပြီး ၃၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကေအန်ယူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတာအတွင်း တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာဖြစ်ပြီး ကော်သူးလေ အုပ်ချုပ်နယ်မြေထဲမှာ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေတွင်းမှာတော့ KNLA နဲ့ KNDO တို့ဘက်က ၇ ယောက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေဟာ ပြည်သူလူ ထုနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို နေ့တိုင်းနီးပါး လက်နက်ကြီးတွေ ပစ်ချနေပြီး ကေအန်ယူ - မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေတွေထဲမှာလည်း လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအနေနဲ့ ဇန်နဝါရီတစ်လတာအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ယောက်  သေဆုံးခဲ့ရပြီး ၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ပြည်သူ ၇ သောင်းကျော် တောတောင်တွေထဲမှာ ထွက် ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ဒေသအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up