close

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်၊ ဇီးဖြူကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က စစ်ကောင်စီနဲ့ ပျူးစောထီးပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ဖြစ်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီကျေးရွာမှာ စစ်ကောင်စီတပ်က ပျူစောထီးတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

Royal Eagle အဖွဲ့ရဲ့တာဝန်ရှိသူက “ဖြစ်တာက ၃ နာရီက စတင်ဖြစ်တာဗျ။ လက်နက်ကြီးနဲ့ ကျနော်တို့ဝင်ပစ်တယ်။ ညတိုက်ပွဲဆိုတော့ စခ ဘက်က အကျဆုံးကတော့ အတိအကျမပြောနိုင်ဘူးဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်း ၂ နာရီလောက်ကလည်း လှော်ကားကျေးရွာကို ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ပြီး နေအိမ်ဘယ်နှလုံး မီးလောင်ဆုံးရှုံးတယ်ဆိုတာကိုတော့ အတိကျမသိရသေးပါဘူး။

ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပုလဲပကဖက၊ မုံရွာ PDF၊ Royal Eagle၊ Aung San Force၊ ပုလဲပြောက်ကျားတပ်ဖွဲ့ သံမဏိ(MPDF)၊ ပုံတောင်တိုက်ဂါး၊ တောင်ပေါ်ပုဏ္ဏက၊ ကျောင်းသားတပ်မတော်(ဗ.က.သ)၊ Youth Revolution Force YRF၊ မြောက်ပိုင်းမဟာမိတ်အင်းအားစုအဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အလားတူ ပုလဲမြို့နယ်အတွင်း ပျူစောထီးအုပ်စုကြီးစိုးထားတဲ့ အင်မထီးကျေးရွာမှာလည်း ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲအချိန်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။

“တိုက်ပွဲကတော့ သူတို့ဘက်က ပျူ ၂ ယောက်ကျ‌တယ်။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် စုစုပေါင်း ၂ ယောက်ကျတယ်။ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ဗိုက်ရှပ်ထိဒဏ်ရာရခဲ့တယ်ဗျ။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး” လို့ Place Joker အဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ပုလဲက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Place Joker အဖွဲ့၊ မြိုင် MVRS၊ ပုလဲ PPDG၊ ဒေါင်းနက်အဖွဲ့နဲ့ PRA အဖွဲတို့ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up