အမေရိကန်စစ်တပ် ပထမအသုတ် ရိုမေးနီးယားသို့ရောက်ရှိ

ရုရှားစစ်တပ်က ယူကရိန်းနယ်စပ်မှာ အင်အားတည်ဆောက်နေတာကြောင့် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက် စစ်တောင်ပံကို အားဖြည့်ဖို့ အမေရိကန်စစ်တပ်ရဲ့ ပထမဆုံးအသုတ်ဟာ ရိုမေးနီးယား နိုင်ငံဆီကို ရောက်လာပြီလို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး ဗာဆီးလေး ဒင်ကူက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
ယူကရိန်း အကျပ်အတည်းက တခြားဒေသတွေကိုပါ ကူးစက်လာမယ့် ဖြစ်နိုင်ခြေအတွက် ဥရောပ အရှေ့ပိုင်းကို ကာကွယ်ဖို့ ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေဆီကို အမေရိကန်က အရန်စစ်အင်အား ၃၀၀၀ နီးပါး စေလွှတ်နေတာပါ။
ဂျာမနီနိုင်ငံထဲက အမေရိကန်စစ်သည်အင်အား ၁၀၀၀ လောက်ပါတဲ့ ရှေ့တန်းတိုက်စစ်တပ်ခွဲကို ရိုမေးနီးယားနိုင်ငံဆီ ပြောင်းရွှေ့တပ်ချမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ပိုလန်နိုင်ငံထဲမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်သည်တချို့နဲ့ စစ်သုံးယာဉ်တွေ လေယာဉ်နဲ့ ရောက်ပြီးနေပါပြီ။ ပြင်သစ်အစိုးရကလည်း ရိုမေးနီးယားနိုင်ငံထဲကို စစ်သည်တွေ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အနာဂတ်မှာ နေတိုး စစ်ဆင်ရေးတွေအတွက် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဖို့ကိုလည်း ကမ်းလှမ်းထားပါတယ်။