ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည့်အစီအစဉ်ကို အမေရိကန်ဖျက်သိမ်း

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်နဲ့ ဒီနေ့ ဆွေးနွေးမယ့် အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ဖျက်သိမ်းလိုက်တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေ ကြီးစိုးတဲ့ဒေသ ၂ ခုအတွက် လွတ်လပ်ရေးကို ရုရှားအစိုးရက အသိအမှတ်ပြုတယ်လို့ တရားဝင်ကြေညာအပြီးမှာ ခုလို အစည်းအဝေး ဖျက်သိမ်းလိုက်တာပါ။
ရုရှားက ယူကရိန်းကို မကျူးကျော်မှသာ လာ့ဗ်ရော့ဗ်နဲ့ တွေ့ဖို့ သဘောတူခဲ့တာလို့ ဘလင်ကန်က ပြောပါတယ်။
ဘလင်ကန်က “ခုတော့ ကျူးကျော်မှု စနေပြီဆိုတာ ကျနော်တို့ မြင်ရပြီ။ ရုရှားက သံတမန်ရေးနည်းလမ်းကို လုံးလုံးပစ်ပယ်လိုက်တာ ရှင်းအောင်ပြလိုက်တယ်။ ခုအချိန်မှာ အစည်းအဝေးကို ရှေ့တိုးလုပ်ဖို့ အဓိပ္ပာယ်မရှိတော့ဘူး၊ ဒါပေမဲ့ သံတမန်ရေး ဟန်ဆောင်မှုကို ရုရှားက တဖက်က တောင်းဆိုနေချိန်မှာ ပဋိပက္ခနဲ့ စစ်ပွဲလမ်းကြောင်းကို အရှိန်မြှင့်ချီတက်ဖို့ ကျနော်တို့က ခွင့်မပြုဘူး” လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးနဲ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားရဲ့ လုပ်ရပ်အတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်နဲ့ ဩစတြေးလျကပါ ဘဏ်တွေနဲ့ ရေပေါ်ဆီအရာရှိတွေကို ပစ်မှတ်ထား ဒဏ်ခတ်တဲ့အပြင် ဂျာမနီက ရုရှားဆီက သွယ်ယူမယ့် အကြီးစားဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။