ချင်းပုန်းရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ကလေးများ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီအချိန်လောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၆ စီးနဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာ မူကြိုအရွယ်ကလေးတွေ ပိတ်မိကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်ပေါ်က စစ်သားအင်အား ၇၀ ကျော်ကိုလည်း ချထားခဲ့ပြီး ရွာထဲကနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ချင်းပုန်းရွာအနီးမှာ PDF သင်တန်းဆင်းပွဲရှိတယ်ဆိုပြီး ဒလန်ကသတင်းပေးတာကြောင့် အကြမ်းဖက်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သူတို့ပစ်မှတ် သင်တန်းဆင်းပွဲကို မတိုက်ခိုက်နိုင်ခဲ့ဘဲ နာရေးအိမ်တစ်ခုကို မှားယွင်းပစ်ခတ်ခဲ့တယ်လို့ ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သူရိန်က ပြောပါတယ်။
"ချင်းပုန်းရွာမှာ PDF သင်တန်းဆင်းပွဲရှိတယ်ဆိုပြီး ဒလန်က သတင်းပေးလိုက်ပုံရပါတယ်။ ဒါပေမယ့် သူတို့ပစ်လိုက်တာက သင်တန်းမဟုတ်ဘဲနဲ့ အသုဘအိမ်ကို ပစ်လိုက်မိတယ်။ လေယာဉ်စုစုပေါင်း ၆ စီးနဲ့ လာပစ်တယ်။ မြေပြင်မှာ အင်အား ၇၀လောက်ချတယ်။ သူတို့ပစ်မှတ်ဖြစ်တဲ့ သင်တန်းဆင်းပွဲနဲ့ PDF ခေါင်းဆောင်တွေကိုတော့ မထိဘူး။ သင်တန်းသားတွေကတော့ တစ်ယောက်မှ ထိခိုက်မှုမရှိဘူး။ လောလောဆယ် (-) တွေကတော့ ချင်းပုန်းမှာ တပ်စွဲနေတယ်။ ရွာအနောက်ဘက်ခြမ်းက အိမ် ၂ လုံးလောက်ကို မီးရှို့တယ်။ ၁၁ ခွဲလောက်ကြတော့ ရွာအရှေ့ဘက်ခြမ်းက အိမ် ၃လုံးလောက် မီးထပ်ရှို့တယ်။"
ချင်းပုန်းရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မူကြိုအရွယ်ကျူရှင်သင်တဲ့ ကလေးအများအပြား ရွာထဲမှာ ပိတ်မိနေတယ်လို့ ချင်းပုန်းရွာသူတစ်ယောက်က ပြောပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ဘယ်အချိန်အထိခွင့်ပြုပေးထားမှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
“မဆိုင်တဲ့သူတွေ အပစ်ခံရတာပေါ့။ နာရေးတောင်ကိစ္စမပြီးကို အလောင်းကို ပစ်ထားပြီး ပြေးရတဲ့အနေအထားပေါ့။ စစ်တပ်က အသက်ရှင်နေတဲ့သူ မပြောနဲ့ သေပြီးသားသူတောင် ကောင်းကောင်း ကိစ္စမကုန်ရဘူးပေါ့။ ဘာကြောင့်အသက်ရှင်နေရတယ်၊ ဘာအတွက်အသက်ရှင်နေရတယ်ဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့ နေ့ရက်ပေါင်းများစွာနဲ့ ကျမတို့ ကျော်ဖြတ်နေရတာပေါ့။ လူသေကိုတောင်မှ ချမ်းသာမပေးတဲ့ စစ်ကောင်စီက ရှေ့ဆက် ဘယ်လောက်ရက်စက် ယုတ်မာနေမလဲဆိုတာ၊ သူတို့ကို ဘယ်လောက်ခွင့်ပြုထားဦးမလဲဆိုတာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျမမေးချင်ပါတယ်။ လူလူချင်း၊ တုတ်တုတ်ချင်း၊ ဓားဓားချင်းယှဉ်ရဲတယ်။ သူတို့နဲ့တန်းတူတိုက်နိုင်တဲ့ လက်နက်တွေသာပေးမယ်ဆိုရင် ကျမတို့ အမျိုးသမီးတွေလည်း အဲ့လက်နက်ကိုကိုင်ဖို့ အဆင်သင့်ပဲလို့ ပြောချင်ပါတယ်။"
စစ်ကောင်စီက ယင်းမာပင်မြို့နယ်ထဲမှာ မီးရှို့အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ရုံတင်မကဘဲ မိန်းကလေးငယ်တွေကိုလည်း အနိုင်ကျင့်စော်ကားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အခုလိုအနိုင်ကျင့်စော်ကားနေတာတွေကို တုံ့ပြန်နိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းပုန်းရွာသူက ပြောပါတယ်။
“ယင်းမာပင်အရှေ့ဘက် ရွှေတောင်ဦးကုန်းအနောက်ဘက် ရွာတွေမှာဆိုရင် မိန်းမပျိုပေါင်းများစွာကို အဓမ္မပြုကျင့်ခံရတယ်လို့ ကျမတို့သိထားရတယ်။ ဒီကနေ့ ကျမတို့ ချင်းပုန်းရွာထဲမှာ ဘာမှ ဥမမယ်စာမမြောက် အသက် ၅ နှစ်အရွယ် ၆ နှစ်အရွယ်ကလေးတွေ မြောက်များစွာပိတ်မိနေတယ်။ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးတွေ၊ လူကြီးဆိုရင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ကုလသမဂ္ဂကလည်း ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေတာပဲ။ သူတို့လုပ်ရပ်တွေကို ဒီအတိုင်းလက်ပိုက်ကြည့်နေမယ်ဆိုရင် သူတို့ကို အားပေးနေတာနဲ့အတူတူပဲ။ ဘာကြောင့် ညာကြောင့် Reason တွေ ပေးနေမယ့်အစား သူတို့ကို နိုင်မယ့်သူမရှိတော့ဘူးလား။ ဒီအတိုင်းငြိမ်နေတာ သူတို့ရဲ့လုပ်ရပ်ကို တွန်းအားပေးနေတာပဲလို့ ကျမကတော့ ပြောချင်တယ်။"
စစ်ကောင်စီတပ်သားတွေဟာ ချင်းပုန်းရွာထဲမှာ ဆက်လက်တပ်စွဲနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ပစ်ခတ်ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ချင်းပုန်းရွာနဲ့တဆက်တည်းရှိတဲ့ ညောင်ကိုင်းရွာထဲကိုလည်း ဝင်ရောက်ပြီး အကြမ်းဖက်ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေကတော့ ခြိမ်းခြောက်တာတွေကို ကြောက်နေမှာမဟုတ်ဘဲ လက်တုံ့ပြန်နိုင်ဖို့ကိုပဲ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။