“သင်တို့ ကျွန်ုပ်တို့နဲ့အတူရှိကြောင်း သက်သေပြပါ” – ယူကရိန်းသမ္မတ

ယူကရိန်းသမ္မတ ဇလန်းစကီးက မတ် ၁ ရက်နေ့ကျင်းပတဲ့ ဥရောပပါလီမန် အရေးပေါ်အစည်းအဝေးမှာ ‘ဥရောပဟာ ကျွန်ုပ်တို့နဲ့အတူရှိကြောင်း သက်သေပြပါ” လို့ တိုက်တွန်း ပြောဆိုပါတယ်။
ယူကရိန်းက ဥရောပသမဂ္ဂကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ တရားဝင်လျှောက်ထားပြီး နောက်တရက်မှာ သူက ဗွီဒီယိုကတဆင့် အခုလို ပြောလိုက်တာပါ။
“သင်တို့ ကျွန်ုပ်တို့နဲ့အတူရှိတာကို သက်သေပြပါ။ သင်က ကျွန်ုပ်တို့ကို စွန့်ပစ်မထားဘူးဆိုတာ သက်သေပြပါ။ သင်တို့ဟာ ဥရောပသားတွေဖြစ်တယ်ဆိုတာ သက်သေပြပါ။ ရှင်သန်ခြင်းက သေခြင်းအပေါ် လွှမ်းမိုးနေတယ်။ အလင်းရောင်က အမှောင်ထုအပေါ် လွှမ်းမိုးနေတာ သက်သေပြပါ။”
မတ် ၁ ရက်နေ့ မနက်ပိုင်းက ယူကရိန်း ဒုတိယမြို့တော်ရှိ Freedom Square အဆောက်အအုံကို ရုရှားမစ်ဇိုင်းနှစ်ခု ထိမှန်ပြီး လူ ၂၀ ကျော် သေဆုံးတယ်လို့ သမ္မတက ပြောပါတယ်။
ဥရောပသမဂ္ဂ ပါလီမန်ကိုယ်စားလှယ်တွေက ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းအလံ တီရှပ်တွေဝတ်၊ တချို့က ရင်ထိုးတွေ တပ်ဆင်ထားကြပါတယ်။