နိုင်ငံခေါင်းဆောင် ၂ ဦးအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု တရားလိုပြသက်သေကို အပြန်အလှန် စစ်မေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး မတ်လ ၄ ရက် ဒီနေ့ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုကို ဆက်လက်စစ်ဆေးတာပြီးလို့ တရားလိုပြသက်သေနောက်တစ်ဦးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို အပြန်အလှန် စစ်မေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ဧပြီ ၁၈ ရက်နေ့အပြီးစစ်ဖို့နဲ့ ဧပြီ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စွဲချက် တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် အစိုးရသစ်ဖွဲ့ဖို့ လွှတ်တော်စခေါ်မယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။