ခါရ်ကိဗ်မြို့ပြင်တိုက်ပွဲတွင် ရုရှားတင့်ကားများကို ယူကရိန်းတပ် ဖျက်ဆီး

ယူကရိန်း အရှေ့မြောက်ဘက် ခါရ်ကိဗ်မြို့ပြင်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ရုရှားသံချပ်ကာကားတွေနဲ့ အခြားစစ်ယာဉ်တွေကို ယူကရိန်းတပ်တွေက ဖျက်ဆီးနိုင်ခဲ့တဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က ထုတ်လွှင့်ပါတယ်။
အခြားနယ်စပ်မြို့တွေ ရုရှားတို့လက်အောက် ကျရောက်သွားပေမဲ့ လူဦးရေ ၁ ဒသမ ၅ သန်းရှိ ခါရ်ကိဗ်မြို့ကို ယူကရိန်းတို့ ဆက်ထိန်းထားနိုင်ဆဲပါ။
ရုရှားတပ်တွေ စတင်ကျူးကျော်ကတည်းက ခါရ်ကိဗ်ဒေသကို ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေတာပါ။
မြို့လယ်ရှိ အစိုးရအဆောက်အအုံနဲ့ လူနေအိမ်အချို့ ဒုံးကျည်တွေ ထိမှန်ပြီး အရပ်သား ၂၀ ကျော် သေဆုံးခဲ့ပေမဲ့ ခါရ်ကိဗ်မြို့ ရုရှားတို့အောက် ကျရောက် မသွားပါဘူး။