အမေရိကန်နှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးတို့ ရုရှားကျူးကျော်စစ်ရပ်ရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကန်နဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ယာလာပစ်တို့ လတ်ဗီးယားနိုင်ငံရီဂါမြို့မှာ မတ် ၇ ရက်က တွေ့ဆုံပြီး ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး အစ္စရေးအနေနဲ့ သံတမန်ရေး ဝင်ရောက်အကျိုးဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အခု နိုင်ငံခြာရေးဝန်ကြီးနှစ်ဦး တွေ့ဆုံမှုက ပြီးခဲ့တဲ့အပတ်မှာ အစ္စရေးဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက်နဲ့ ရုရှားသမ္မတပူတင်တို့ ဖုန်းနဲ့စကားပြောဆိုပြီးနောက် ဖြစ်လာတာပါ။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက “ယူကရိန်းစစ်ပွဲ အမြန်ဆုံးရပ်ဖို့ အစ္စရေးအနေနဲ့ အစွမ်းကုန် ကြိုးစားသွားမယ်။ ရုရှား-ယူကရိန်း နှစ်ဘက်စလုံးနဲ့ အစ္စရေးက စကားပြောနေပါတယ်၊ အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေအားလုံးနဲ့လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်။ စစ်ပွဲရပ်ဖို့က စေ့စပ်ဆွေးနွေးရေးပါပဲ” လို့ ပြောပါတယ်။
ဘလစ်ကန်က စစ်ပွဲရပ်ဖို့ မဟာမိတ်အစ္စရေး နိုင်ငံရေး ကြိုးပမ်းမှုကို အလေးထားကြောင်းနဲ့ စေ့စပ်ဆွေးနွေးမှုမှန်သမျှဟာ ယူကရိန်းရဲ့ အချုပ်အခြာလွတ်လပ်မှုကို အခြေခံထားရမှာ ဖြစ်ကြောင်း ပြောပါတယ်။