ဖီဖာနှင့် ယူအီးအက်ဖ်အေတို့ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ် စွပ်စွဲ

ရုရှားအသင်းတွေကို ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခဲ့တာဟာ ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုဖြစ်ကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ်က အားကစားဆိုင်ရာခုံရုံးဆီ အယူခံတင်သွင်းရာမှာ ထည့်သွင်း တိုင်ကြားခဲ့ပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံတင်သွင်းမှုကို လက်ခံရရှိကြောင်းလည်း အားကစားဆိုင်ရာခုံရုံး (CAS) က မတ် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခဲ့တာက ဖီဖာနဲ့ ယူအီးအက်ဖ်အေ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံရဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်သလို ပြိုင်ပွဲဝင်ပြိုင်ခွင့်ကိုလည်း ချိုးဖောက်ခဲ့တာလို့ ရုရှားရဲ့ အယူခံတင်သွင်းလွှာမှာ စွပ်စွဲထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်ကနေ ထုတ်ပယ်ခဲ့တာဟာလည်း အားကစားရဲ့ အခြေခံစည်းမျဉ်းတွေနဲ့ တရားမျှတမှုတွေကို ချိုးဖောက်ခဲ့တာလို့ ဆိုပါတယ်။
အားကစားဆိုင်ရာခုံရုံးအနေနဲ့ ရုရှားရဲ့ အယူခံတင်သွင်းမှုအပေါ် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ကြားနာ စစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။