close

ကစားသမားဘဝက အနားယူကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုး ကြေညာ

ကစားသမားဘဝကနေ အပြီးတိုင်အနားယူလိုက်ပြီလို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးက မတ် ၂၄ ရက်က ကြေညာသွားပါတယ်။ 

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဒီဖိုးဟာ အခုနှစ်ရာသီမှာ လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းအသင်းမှာ ၇ ပွဲ ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ကစားသမားဘဝ ၂၂ နှစ်တာဖြတ်သန်းခဲ့အပြီးမှာ လက်ရှိအချိန်က အနားယူဖို့အတွက် အချိန်ကောင်းဖြစ်ပြီး ခက်ခဲစွာနဲ့ ဆုံးဖြတ်ခဲ့တာလို့ ဒီဖိုးက ပြောပါတယ်။ 

“ကျနော့်အသက် ၁၇ နှစ်အရွယ် ၁၉၉၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ပွဲ စတင်ကစားခဲ့တယ်။ ဒီအချိန်ကတော့ အနားယူဖို့ အချိန်ကောင်းပါပဲ။ ကျနော်ဟာ ဖြတ်သန်းခဲ့တဲ့ ၂၂ နှစ်တာကာလက မယုံကြည်နိုင်စရာ ခရီးရှည်တခုဖြစ်ခဲ့တယ်။ ပွဲစဉ်တွေကစားရင်း အံ့အားသင့်စရာကောင်းတဲ့ လူတချို့နဲ့လည်း တွေ့ခဲ့ရတယ်။ဘောလုံးက ကျနော့်သွေးကြောထဲမှာ အမြဲတမ်းစီးဆင်းနေမှာပါ။ ကျနော်ကစားခဲ့ဖူးတဲ့ အသင်းတိုင်းက ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဒီဖိုးက ပြောပါတယ်။

တိုက်စစ်မှူး ဒီဖိုးဟာ  ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ စပါး၊ ပို့စ်မောက်၊ တိုရွန်တို၊ ဆန်းဒါးလန်းနဲ့ ရိန်းဂျားအသင်းတွေမှာ ပွဲပေါင်း ၈၀၀ နီးပါးကစားခဲ့ပြီး အင်္ဂလန်အတွက်လည်း  ၅၇ ပွဲကစားခဲ့ပါတယ်။ 

ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ၃၂၅ ဂိုးသွင်းယူနိုင်ခဲ့ကာ လျင်မြန်မှုရှိပြီး အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။ 

စပါးအသင်းမှာ ၂ ကြိမ်ပြန်ကစားခဲ့ပြီး ပွဲပေါင်း ၃၆၂ ပွဲမှာ ၁၄၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က OBE ဘွဲ့ရရှိထားတဲ့ ဒီဖိုးဟာ ဆုဖလား အောင်မြင်မှုအနေနဲ့ စပါးအသင်းနဲ့အတူ လိဂ်ဖလား ၁ လုံးရရှိခဲ့သလို ရိန်းဂျားအသင်းနဲ့လည်း စကော့တလန်လိဂ်ချန်ပီယံဆုဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up