မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ဟု တောင်ကိုရီးယားနှင့်ဂျပန်ပြော

မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ဆီကို မတ် ၂၄ ရက်က ပဲ့ထိန်းဒုံးကျည် ၁ စင်းထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရတို့က ပြောပါတယ်။
ဒါဟာ အရင်အပတ်က လေထဲမှာတင် ပေါက်ကွဲခဲ့တယ်လို့ အစီရင်ခံထားတဲ့ ဒုံးကျည် ပစ်လွှတ်မှုအပြီး ပထမဆုံး စမ်းသပ်ချက် ဖြစ်ပုံရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ ဒီနောက်ဆုံး စမ်းသပ်ချက်အတွင်း တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို သုံးခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်ကို ကိုးကားပြီး တောင်ကိုရီးယား ယုံဟပ်သတင်းမှာ ဖော်ပြထားပြီး ဂျပန်အစိုးရကလည်း ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မတ် ၁၆ ရက်ကလည်း မြောက်ကိုရီးယားဟာ သံသယဖြစ်ဖွယ် ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပေမဲ့ ဒုံးလွှတ်စင်ပေါ်ကနေ ပျံတက်အပြီး မကြာခင် ပြုံယမ်းမြို့ကောင်းကင်မှာ ပေါက်ကွဲခဲ့ပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားဟာ သူ့ရဲ့ အကြီးဆုံး ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ဖို့ ကြိုးစားနေတယ်လို့လည်း သတင်းထွက်နေပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ အင်အားပြည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို ပစ်လွှတ်ဖို့ ပြင်ကောင်း ပြင်နေနိုင်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက သတိပေးထားပါတယ်။
ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။