မြင်းမူ အမှတ် ၁ ကျောင်းထဲ ပေါက်ကွဲမှုဖြစ်၊ ကသာနှင့် ရေဦးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်မူမြို့ပေါ် အမှတ် ၁ စာသင်ကျောင်းအတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကသာမြို့နယ်နဲ့ ရေဦးမြို့တိုမှာလည်း စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မတ် ၂၄ ရက်နေ့ ည ၇ နာရီခွဲ အချိန်လောက်က မြင်းမူမြို့ စာသင်ကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောက်စီတပ်က ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်တာက ၇ နာရီခွဲလောက်ပေါက်တာဗျ။ ပြည်သူ ၁ ဦးနဲ့ စစ် (-) ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သတင်းအတိကျရထားတယ်ဗျ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်းမူရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက နာရီဝက်အကြာထိ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီဖောက်ခွဲမှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ မြောင် MRA၊ Zarmani Revolution Force၊ Knight Commanders အဖွဲ့တို့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ကသာမြို့နယ်မှာလည်း မတ် ၂၄ ရက်က စစ်ကောင်စီခြေလျင်တပ် မိုင်းနှစ်ကြိမ်ဆွဲခံရပြီး ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ခြေလျင်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ကသာမြို့နယ် မြေနုတံတားအနီးမှာ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီခြေလျင်တပ် တက်လာတုန်း မနက် ၈ နာရီလောက်က ၁ ကြိမ်၊ နေ့လယ် ၁ နာရီလောက်က ၁ ကြိမ်မိုင်းဆွဲတာ။ နှစ်ကြိမ်ဆွဲတာ ၉ ဦးလောက်သေတယ်၊ ဒဏ်ရာရတာတွေလည်းရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာလည်း မတ် ၂၃ မနက်ပိုင်းက စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး အများအပြာ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၄ ရက် နေ့လယ် ၁ နာရီလောက်ကလည်း ရေဦးမြို့ပေါ်ကနေ ညောင်လှရွာဘက် ထွက်လာတဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးပကဖ PDF တို့က မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပြီး အနည်းငယ် ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ရေဦးမြို့ထဲကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ကားနှစ်စီးကို ကျနော်တို့ မိုင်းဆွဲခဲ့တာဟုတ်တယ်ဗျ။ ဒီကောင်တွေ ထင်မထားနဲ့နေရာကနေ ကျနော်တို့ဆွဲခဲ့တာဆိုတော့ အထိခိုက်တော့ရှိမယ်။ အရေအတွက်ကတော့ အတိကျမပြောနိုင်ဘူး။ ကျနော်တို့အဖွဲ့တွေဘက်ကတော့ အထိခိုက်မရှိဘူးဗျ။ မိုင်းဆွဲခဲ့တဲ့နေရာကတော့ ညောင်လှ မူးဆုံအနီး လက်တန် ၃ ထိပ်မှာ ဆွဲခဲ့တာ”လို့ ရေဦးပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။