မြဝတီမြို့နယ်တွင် ကားမှောက်ပြီး ၂ ဦးသေ ၉ ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးရွာအနီးမှာ မတ် ၃၀ ရက်ညက ယာဉ် ၁ စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
မနေ့ညအချိန် ၉ နာရီကျော်လောက်က ကားမတော်တဆတိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ် လိုက်ပါလာသူတဦးက အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၀ ဦးကို ထိုင်းနိုင်ငံ ဖုတ်ဖမြို့ဆေးရုံ ပို့ဆောင်စဉ် နောက်ထပ် ၁ ဦး ထပ်မံသေဆုံးသွားတာပါ။
လက်ရှိ ဖုတ်ဖမြို့ဆေးရုံမှာ ကုသမှုခံယူနေသူ ဒဏ်ရာရရှိသူတွေထဲက ၆ ဦး ဆေးရုံက ဆင်းသွားပြီး ၃ ဦးကတော့ အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေရတယ်လို့ သူတို့နဲ့ နီးစပ်သူထံက သိရပါတယ်။
သေ့ဘောဘိုးဒေသ ဘလယ်ဒိုကျေးရွာအနီး KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွါးတဲ့နေရာနဲ့ တစ်မိုင် လောက်ဝေးတဲ့နေရာ လမ်းအကွေ့အကောက်များတဲ့ နေရာမှာ ညဘက် သွားလာရင်း ယာဉ်မတော်တဆ တိမ်းမှောက်သွားတာလည်း ဖြစ်ပါတယ်။