ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ စစ်ကောင်စီ(ဝါဒိုးစိုး) တပ်စခန်းကို မတ် ၃၁ ရက် မနက် ၉ နာရီလောက်က KNLA တပ်ဖွဲ့ဝင်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေက နယ်မြေကျော် ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ လူအင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ ရိက္ခာပို့ဆောင်နေတာတွေကြောင့် နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
မတ် ၃၀ ရက်က စစ်ကောင်စီရဲ့ ထောက်ပံ့ရေးအတွက် အဓိကအသုံးပြုနေတဲ့ ဖာပွန်မြို့၊ ရှမ်းကိုင်းရပ်ကွက်အတွင်းက တံတား ၁ စင်းကို KNLA တပ်ရင်း ၁၅၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖျက်ဆီးလိုက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ထီးကဆောမဲ(ဆင်စွယ်) ကနေ ရိက္ခာပို့ဆောင်အပြီး ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့အတူ လိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်စုတစုကို KNLA တပ်ဖွဲ့တွေက စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဆိုပါနေ့ မနက် ၉ နာရီလောက်က မကမို(ကမမောင်း) လမ်းကြောင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ စစ်မြေပြင်ယန္တရားတပ်က ၆ ဘီးယာဉ် ၃ စီးကို KNLA တပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပစ်ခတ်ခဲ့သလို မနက် ၁၁ နာရီလောက်မှာ ထပ်မံပြီး ဒုတိယကြိမ် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရှိရသေးဘူးလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကနေ နေ့၊ ည ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သားပြည်သူတွေ ဗုံးဆန်ထိမှန် သေဆုံးသူ၊ ဒဏ်ရာရရှိသူတွေ ရှိသလို နေအိမ်နဲ့ အဆောက်အအုံတွေပါ ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေး၊ သောက်သုံးရေနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။