ဘူချာမြို့သားများကို ရုရှားတပ်များ သတ်ဖြတ်ခဲ့ဟု ယူကရိန်း မြို့တော်ဝန် စွပ်စွဲ

ရုရှားစစ်သားတွေဟာ ယူကရိန်းနိုင်ငံက ဘူချာမြို့ကို တလကြာ သိမ်းပိုက်ထားချိန်အတွင်း အရပ်သားတွေကို တမင်သက်သက် သတ်ဖြတ်ခဲ့တယ်လို့ လတ်တလောကမှ ရုရှားလက်ကနေ ပြန်လွတ်မြောက်ခဲ့တဲ့ မြို့တော်ဝန်က ဧပြီ ၃ ရက်မှာ ပြောပါတယ်။
မြို့တော်ဝန်ရဲ့ စွပ်စွဲချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြု နိုင်တာမရှိပေမဲ့ အလောင်း ၃ လောင်းထက် မနည်းမှာ ခေါင်းကို ပစ်သတ်ခံထားရပြီး တခြား အလောင်းတွေမှာ တော့ မျက်လုံးကို ကျည်ထိထားတာကို ဒေသခံတွေက နမူနာပြခဲ့ကြပါတယ်။
ကွပ်မျက်မှု ၅၀ ဝန်းကျင်လောက်ကို မှတ်တမ်းတင်ခဲ့ပြီး ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုပဲလို့ ဒေသခံ အရာရှိတွေက ပြောခဲ့ကြပါတယ်။
ရုရှားတပ်တွေကို ထောက်ပံ့ဖို့ ယူကရိန်းကို လွှတ်ထားတဲ့ ရုရှားတောင်ပိုင်း ချေချင်းညာက တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်ဒေသခံတွေရဲ့ လက်ကိုချည်ခိုင်းခဲ့တာလို့ မြို့တော်ဝန်က ပြောရင်း အဝတ်ဖြူနဲ့ ချည်ထားခံရတဲ့ အလောင်း ၂ လောင်းကို ရိုက်တာ သတင်းဌာနကို ပြခဲ့ပါတယ်။ အလောင်းတလောင်းကတော့ ပါးစပ်ကို သေနတ်နဲ့ ပစ်သတ်ခံ ထားရတာပါ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ဒီ စွဲချက်ကို ငြင်းပါတယ်။ ယူကရိန်း အာဏာပိုင်တွေ ဖြန့်ချိခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံတွေဟာ ရန်စနေတာလို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဘူချာမြို့ဟာ ယူကရိန်းရဲ့ အနောက်မြောက်ဘက်ကနေ ရုရှက ထိုးစစ်ဆင်ရာ နေရာမှာရှိပြီး ယူကရိန်း တပ်တွေက မထင်မှတ်ဘဲ အပြင်းအထန် ခုခံတာကို ရင်ဆိုင်ခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
ယူကရိန်းမြို့တော်အတွက် တိုက်တဲ့ သွေးအစွန်းဆုံး တိုက်ပွဲတွေထဲက တခု ဖြစ်ခဲ့တာပါ။ ရုရှားတပ်တွေက ကိယက်ဗ်မြို့စွန်က တပ်တွေကို ပြန်ဆုတ်သွားပြီး ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေအတွက် တပ်တွေကို ပြန်စုစည်းနေပါတယ်။
ကိယက်မြို့တော်ဝန်းကျင်က ဧရိယာ အားလုံးကို ယူကရိန်း စစ်တပ်က ပြန်သိမ်းနိုင်ပြီလို့ အစိုးရက ဧပြီ ၂ ရက်မှာ ပြောပါတယ်။
ဘူချာမြို့မှာ ရုရှားစစ်သားတွေရဲ့ ရက်စက်မှုနဲ့ ယူကရိန်းကို ကျူးကျော်မှုတွေ အတွက် လာမယ့်ရက်ပိုင်းမှာ ရုရှားအပေါ် အနောက်မဟာမိတ်တွေက နောက်ထပ် ဒဏ်ခတ်ရေး သဘောတူကြမယ်လို့ ဂျာမန်အဓိပတိ အောလော့ဖှ်ရွှိုက်ဇ်က ဧပြီ ၃ ရက်မှာ ပြောပါတယ်။
ယူကရိန်းက သူ့ကိုယ်သူ ရုရှားရဲ့ ကျူးကျော်စစ်ကနေ ကာကွယ်နိုင်ဖို့ လက်နက်တွေ ဆက်ပေးသွားမယ်လို့လည်း ဂျာမန်ခေါင်းဆောင်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ထောက်ခံသူတွေဟာ သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်လို့လည်း သတင်းထောက်တွေကို ရွှိုက်ဇ်က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။