ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နေတဲ့ ရုရှားစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ရုရှားနိုင်ငံကို ဆိုင်းငံ့ဖို့ ကုလအထွေထွေညီလာခံက ဧပြီ ၇ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်က ရုရှားကို ဆိုင်းငံ့ရေးအတွက် အမေရိကန်နိုင်ငံက ဦးဆောင်အဆိုတင်သွင်းရာမှာ နိုင်ငံပေါင်း ၉၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၂၄ နိုင်ငံက ကန့်ကွက်မဲပေးပါတယ်။ ဒီအဆိုကိုထောက်ခံမဲပေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ မဲမပေးပဲ ကြားနေခဲ့တဲ့ ၅၈ နိုင်ငံကိုတော့ ထည့်သွင်းရေတွက်မှုရှိပါဘူး။
ရုရှားနိုင်ငံဘက်ကတော့ ယူကရိန်း အရပ်သားတွေ သတ်ဖြတ်ညှဉ်းဆဲခံရတာကို ငြင်းဆိုပြီး အထွေထွေညီလာခံမှာ ထောက်ခံမဲပေးခဲ့တဲ့နိုင်ငံတွေနဲ့ မဲမပေးဘဲ ကြားနေခဲ့တဲ့နိုင်ငံတွေဟာ မိတ်ဆွေဆန်တဲ့ အပြုအမူမဟုတ်ဘူးလို့ ဝေဖန်လိုက်တဲ့အပြင် နိုင်ငံချင်းဆက်ဆံရေး အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။