close

ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရုရှားကို ဆိုင်းငံ့ထားရန် အမေရိကန် တောင်းဆိုမည်

ယူကရိန်းမှာ ရုရှားတပ်တွေက အရပ်သားများစွာကို သတ်ဖြတ်မှုတွေ တွေ့ရှိရပြီးနောက် ရုရှားကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့  ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်က တောင်းဆိုသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် က ပြောလိုက်ပါတယ်။ 

စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တဲ့ ရုရှားကို ကုလသမဂ္ဂညီလာခံမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံက မဲ သုံးပုံနှစ်ပုံနဲ့ ရပ်စဲထားနိုင်ပါတယ်။

ရိုမေးနီးယားနိုင်ငံကို ရောက်ရှိနေတဲ့ လင်ဒါသောမတ်စ်က “ပြီးခဲ့တဲ့ ၆ ပတ်အတွင်း ယူကရိန်းမှာ မြင်တွေ့နေရတဲ့ ဓာတ်ပုံတွေ သတင်းတွေဟာ ထိတ်လန့်စရာပါ၊ ဘူချာမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ ရက်စက်လွန်းပါတယ်။ ရုရှားဟာ ဒါကို တာဝန်ယူရပါလိမ့်မယ်၊ မနက်ဖြန် နယူးယောက်ကိုပြန်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ဆိုင်းငံ့ထားဖို့ ကျမတို့ ကြိုးစားပါမယ်။ အဖွဲ့ဝင်နိုင်ငံ ၁၄၀ က ရုရှားရဲ့ ကျူးကျော်စစ်ကို အစကတည်းက ရှုတ်ချမှု လုပ်ခဲ့ပြီးသားပါ။ အခု ဒီကိစ္စမှာလည်း နိုင်ငံ ၁၄၀ က သတ္တိရှိရှိ ဆောင်ရွက်ကြဖို့ ကျမ သတင်းပါးလိုပါတယ်” လို့ ပြောပါတယ်။

ယူကရိန်းအာဏာပိုင်တွေက စစ်ရာဇဝတ်မှု အထောက်အထားတွေကို အချက်အလက် အသေချာ စုဆောင်းနေတယ်လို့ ပြောပါတယ်။ ရုရှားအစိုးရကတော့ အရပ်သားတွေကို သတ်ဖြတ်မှုမရှိဘူးလို့ ငြင်းဆန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up