သီရိလင်္ကာသမ္မတနုတ်ထွက်ပေးရန် ကိုလံဘိုတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြတောင်းဆို

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့လယ် စီးပွားရေးအချက်အချာနေရာမှာ ဧပြီ ၉ ရက်နေ့ လူထောင်ပေါင်းများစွာ စုဝေးပြီး သမ္မတဂိုတာဘာယာ ရာဂျပက်ဆာ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူဦးရေ ၂၂ သန်းရှိ ကျွန်းနိုင်ငံဟာ ကာလရှည် စီးပွားရေးအကျပ်အတည်းကို ကြုံနေရပြီး ကုန်ဈေးနှုန်းကြီးမှု၊ အခြေခံစားသောက်ကုန် ပြတ်လပ်မှုနဲ့ လျှပ်စစ်မီး တနေ့ ၁၃ နာရီ ပြတ်တောက်မှု ကြုံနေရတာပါ။
ဆန္ဒပြသူတွေက နိုင်ငံတော်အလံတွေ ဝှေ့ယမ်း သမ္မတအမည် အတိုခေါ်ပြီး “ဂိုတာ ဂိုတာ ဆင်းတော့ ဆင်းတော့” လို့ အားပါးတရ အော်ခဲ့ကြတာပါ။
ဆန္ဒပြသူတဦးက “သူတို့ တိုင်းပြည်ကို လုယက် ခိုးဝှက် အုပ်ချုပ်နေတယ်။ သူတို့ ဆက်အုပ်ချုပ်နေသမျှ တိုင်းပြည် ငရဲထိရောက်သွားမယ်၊ သူတို့ အာဏာရူးနေတာ ကြည့်ကြပါ၊ ဆင်းကို မပေးချင်ဘူး” လို့ ပြောပါတယ်။
သီရိလင်္ကာတနိုင်ငံလုံးမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပြီး နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ ကိုလံဘိုမြို့မှာ စိုးရိမ်စရာအခြေအနေ ဖြစ်နေတာပါ။
အစိုးရအနေနဲ့ နောက် ၆ လစာ လောင်စာစီ၊ ဆေးဝါးနဲ့ အခြေခံရိက္ခာဝယ်ယူဖို့ ဒေါ်လာ ၃ ဘီလီယံ လိုအပ်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီး အလီ ဆာဘရီ က ပြောပါတယ်။