close

ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်နှုန်းဖြင့် တွက်ချက်ပြီး ရွှေစျေးနှုန်းသတ်မှတ်ရန် ရွှေအသင်း ဆုံးဖြတ်

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်း ၁၈၅၀ ကျပ်နဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဆုံးဖြတ်လိုက်ပါတယ်။ 

ဧပြီလ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းရေး အရေးပေါ် အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာပါ။ 

အဆိုပါ ဒေါ်လာနှုန်းထားအတိုင်း တွက်ချက်ပြီး ရွှေစျေးနှုန်း သတ်မှတ်ပါက စျေးအကျဘက်ကို ဦးတည်လာနိုင်တယ်လို့ စျေးကွက် စောင့်ကြည့်လေ့လာသူတဦးက ပြောပါတယ်။

“ဒီနှုန်းနဲ့တွက်ရင်တော့ စျေးအကျဘက်သွားမှာပဲ။ ခန့်မှန်းရတော့ ခက်ပါတယ်။ ကမ္ဘာ့ရွှေဈေးပေါ်လည်း မူတည်နေသေးတယ်” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ဗဟိုဘဏ်က ပြည်တွင်းဒေါ်လာနဲ့ ရွှေစျေးကျဆင်းဖို့ ဈေးနှုန်းကို ကိုင်တွယ် ထိန်းချုပ်လာတာ တွေ့ရပြီး မကြာသေးခင်က ပြည်ပက ဝင်ရောက်တဲ့ နိုင်ငံခြားငွေကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ တရက်အတွင်း မြန်မာငွေလဲလှယ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။ 

ဗဟိုဘဏ်ရဲ့ အဲဒီဒေါ်လာနှုန်းသေ သတ်မှတ်ချက်က ပြည်တွင်းရွှေစျေးကွက်အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ရွှေစျေးကွက်ကို  စောင့်ကြည့်နေကြတဲ့ အနေအထားဖြစ်ပြီး ရွှေဆိုင်တွေဟာ စျေးကွက်အဖွင့်စျေး သတ်မှတ်ဖို့ ခက်ခဲလာကြပါတယ်။ 

“တချို့ဆိုင်တွေက သင်္ကြန်ပိတ်ရက်နဲ့ ရောချပြီး​ အရောင်းအဝယ်နားထားကြတယ်။ တခြားရွှေဆိုင်တွေကလည်း စျေးကွက်အဖွင့်စျေးကို မတင်ကြတော့ဘူး” လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။ 

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက် မတိုင်ခင်က ပြည်တွင်းရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၀၄၀၀၀၀ အထက်မှာရှိခဲ့ပြီး ဗဟိုဘဏ်ထုတ်ပြန်ချက်အပြီးမှာ ကျပ် ၂၀၂၀၀၀၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့ကာ ဧပြီ ၇ ရက်နေ့မှာ ကျပ် ၂၀၅၀၀၀၀ အထိ ပြန်လည်မြင့်တက်လာပြီး အတက်စျေးနဲ့ စျေးပိတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up