ပေါက်မြို့နယ်တွင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် သက္ကယ်ကျင်းရွာ၊ လက်ပံလှရွာနဲ့ ကိုင်းမကျေးရွာတွေကို ဒီကနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ထပ်မံမီးရှို့လို့ ပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လက်ပံလှကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"အဲဒီရွာတွေက နဂိုကတည်းက မီးရှို့ခံထားရပြီးသားဗျ။ အခုမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်လာပြီး ထပ်ရှို့ကြတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း စစ်ကောင်စီတပ်သားတွေ ခိုးယူသွားကြတယ်။"
ပေါက်မြို့နယ် တံစူးရွာနားက တဲတွေကိုလည်း မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီး ၈ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တံစူးကျေးရွာနားမှာ မနေ့ ညနေပိုင်းက SPGF နဲ့ YDF ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၇ ရက်ကစလို့ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာလောက်ကို တရွာဝင် တရွာထွက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၆၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။