ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်စခန်းများကို လေကြောင်းဖြင့် အစ္စရေးတိုက်ခိုက်

ဂါဇာကမ်းမြှောင်က ဟားမတ်စ်တွေနဲ့ တခြားဂိုဏ်းကွဲတခုက သုံးနေတဲ့ စခန်းတွေကို အစ္စရေးက လေကြောင်းကနေ ဧပြီ ၁၉ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို သူတို့ ပစ်ချလိုက်တယ်လို့ အစ္စရေး စစ်တပ်က ပြောအပြီး နာရီပိုင်းအတွင်း ခုလို တုံ့ပြန်ခဲ့တာပါ။
ပစ်မှတ်တခုက လက်နက် ထုတ်လုပ်နေတဲ့ နေရာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူးလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အစ္စရေးကို ဒုံးကျည်နဲ့ ပစ်တာနဲ့ပတ်သက်လို့ ဂါဇာက ဘယ်သူကမှ တာဝန်မခံခဲ့ပါဘူး။
ဂျေရုဆလင်မြို့ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း အစ္စရေးတွေရဲ့ လုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ ဟားမတ်စ်အစ္စလာမ္မစ်တွေက သတိပေးအပြီး ခုလိုပစ်ခတ်ခဲ့တာပါ။
ရှေးဟောင်းဘုရားကျောင်းတွေရဲ့ အငွေ့အသက်အဖြစ် ဂျူးဘာသာဝင်တွေက ကြည်ညိုကြတဲ့ အယ်လ်အက်ဆာဗလီမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေး အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ဧပြီ ၁၅ ရက်ကစပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
မွတ်စလင်တွေရဲ့ ရာမာဒန် ဥပုသ်လမှာ အယ်လ်အက်ဆာဗလီကို အစ္စရေးက ကျူးကျော်တယ်လို့ ပါလက်စတိုင်းတွေက စွပ်စွဲထားပါတယ်။
အစ္စရေးကတော့ ပါလက်စတိုင်း ဆန္ဒပြသူတွေက နိုင်ငံရေး အကျိုးအမြတ်အတွက် မွတ်စလင် ဝတ်ပြုပွဲကို နှောင့်ယှက်ဖို့နဲ့ ဂျူးတွေ လာရောက်တာကို ဟန့်တားဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။
တင်းမာမှုတွေကြောင့် ပါလက်စတိုင်းအများစု ရှိနေပြီး အယ်လ်အက်ဆာ ဗလီကို ထိန်းသိမ်းထားတဲ့ ဂျော်ဒန်နဲ့ အစ္စရေးတို့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ ရှုပ်ထွေးကုန်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။