မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် စစ်ကြောရေးတွင် ကျဆုံး

မန္တလေးမြို့ သပိတ်ခေါင်းဆောင် ကိုသူရအောင် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ပြီ ဖြစ်တယ်လို့ မန္တလေး အထွေထွေသပိတ်တပ်ပေါင်းစုက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုသူရအောင်ဟာ စစ်အာဏာရှင်တော်လှန်ရေး မန္တလေးသပိတ်မှာ ပါဝင်ခဲ့ပြီး သပိတ်တပ်ဦးကနေ ရဲရဲဝင့်ဝင့် စစ်အာဏာရှင်ကို တော်လှန်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
“ကိုသူရအောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးချိန်ကစပြီး နှစ်လကျော်ကြာတဲ့အထိ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ရှေ့နေတွေနဲ့ လုံးဝ အဆက်အသွယ် မရခဲ့ဘူး” လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကြောရေးစခန်းမှာ သေဆုံးသူ ၁၀၀ ကျော်အထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။