လီဗာပူးအသင်း အသုံးတည့် ကစားသမားသစ်များ ခေါ်ယူမှုအပေါ် ဖာဒီနန် ချီးကျူး

ကစားသမားသစ်ခေါ်ယူမှု ပြုလုပ်တိုင်း အသုံးတည့်နေတဲ့ လီဗာပူးအသင်းရဲ့ အခြေအနေကို မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အခုနှစ်ရာသီမှာ ခေါ်ယူခဲ့တဲ့ နောက်ခံလူ ကိုနာတေးနဲ့ တောင်ပံတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်တို့က ခြေစွမ်းပြ ကစားနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ လီဗာပူးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ ဖာဒီနန်ကတော့ ကစားသမားသစ် ခေါ်ယူမှုတွေမှာ အသုံးတည့်တဲ့ လီဗာပူးကို ချီးကျူးသွားခဲ့တာပါ။
“သူတို့ ကစားသမားသစ် ခေါ်ယူလိုက်တိုင်းမှာ တကယ့်ကို အံ့အားသင့်စရာကောင်းအောင် အသုံးတည့်ခဲ့တယ်။ အဝယ်မှားမဖြစ်ခဲ့ဘူး။ သူတို့ဆီရောက်လာတဲ့ ကစားသမားတိုင်း တိုးတက်မှု ရှိလာတယ်။ မာနေး ပြောင်းရွှေ့လာတုန်းက ဘယ်သူကမှ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်လာမယ်လို့ မထင်ကြသလို မိုဆာလာ ပြောင်းရွှေ့ချိန်တုန်းကလည်း အခု သူ စွမ်းဆောင်ပြနေတာတွေအတိုင်း လုပ်ဆောင်နိုင်မယ်လို့ ဘယ်သူမှ စိတ်ကူးမရှိခဲ့ကြပါဘူး” လို့ ဖာဒီနန်က ပြောပါတယ်။
ဖာဒီနန်နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကလည်း လီဗာပူးအသင်းရဲ့ ကစားသမားအင်အားကို ချီးကျူးခဲ့ပြီး တနေရာမှာ ၂ ဦးလောက်အထိ အရန်သင့် ရှိနေတယ်လို့ ပြောသွားပါတယ်။