close

စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရန် ဂျပန်နှင့် ဗီယက်နမ် သဘောတူ

ဂျပန်နဲ့ ဗီယက်နမ် အစိုးရတို့ဟာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ဖို့ မေ ၁ ရက်မှာ သဘောတူလိုက်ကြပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကိုလည်း ဆော်ဩခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့က အရှေ့တောင်အာရှခရီးစဉ်အတွင်း ပြောပါတယ်။

ဗီယက်နမ်မြို့တော် ဟနွိုင်းကို အလည်အပတ်ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ခိရှိဒါ့က ဗီယက်နမ် ဖန်မ်မင်ချင်နဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောလိုက်တာပါ။

“အပြန်အလှန် ဆက်ဆံရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာ ကပ်ရောဂါနောက်ပိုင်း စီးပွားရေး ပြန်နိုးထလာဖို့ အပြည့်အဝ ပြန်လည်ထူထောင်ရေး လမ်းကြောင်းကို ချမှတ်ပြီး ဂျပန်-ဗီယက်နမ် ဆက်ဆံရေးကို ပိုခိုင်မာအားကောင်းအောင် လုပ်သွားမယ်။” 

ဂျပန်ဟာ ဗီယက်နမ်ဖွံ့ဖြိုးရေးအတွက် တရားဝင် အထောက်အပံ့အများဆုံး ပေးနေတဲ့ နိုင်ငံ ဖြစ်သလို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ တတိယအကြီးဆုံး အရင်းအမြစ်လည်း ဖြစ်ပါတယ်။

အပြန်အလှန် ကုန်သွယ်ရေးဟာ မနှစ်က ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉ ဘီလီယံထိ ရောက်ခဲ့တယ်လို့ ဗီယက်နမ် အကောက်ခွန်ဌာန သတင်းအချက်အလက်တွေက ဆိုပါတယ်။

ဗီယက်နမ် ဝန်ကြီးချုပ်က ကျွဲကောသီး၊ ထောပတ်သီးနဲ့ ကြက်မောက်သီးတို့လို တခြား ထုတ်ကုန်တွေနဲ့အတူ လောင်ဂံလို့ ခေါ်တဲ့ သမင်မျက်လုံးခေါ် လေချူသီးတွေကို စက်တင်ဘာ လကစပြီး ဂျပန်နိုင်ငံဆီကို တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်။

ဂျပန် စပျစ်သီးတွေအတွက်လည်း ဗီယက်နမ် စျေးကွက်ကို ဖွင့်ပေးထားတယ်လို့ ပြောပါတယ်။ 

ခိရှိဒါ့ကတော့ ဂျပန်ဟာ ဗီယက်နမ်နိုင်ငံအတွင်း ဇီဝလောင်စာ၊ ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားတို့လို အရင်းအမြစ်တွေဆီ စွမ်းအင်ကူးပြောင်းမှုကို ဂျပန်နိုင်ငံက ပံ့ပိုးကူညီသွားမယ်လို့ ပြောပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှုနဲ့ စုပ်ယူမှု ဟန်ချက်ညီလာရေး ကတိပြု ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up