ဖိလစ်ပိုင်ရွေးကောက်ပွဲ ရလဒ် ပြည်သူ့ဆန္ဒအမှန် ထင်ဟပ်ရန်လိုဟု ဒုသမ္မတပြော

မနေ့က ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်ဖို့ လိုတယ်လို့ သမ္မလောင်းလည်း ဖြစ်၊ လက်ရှိ ဒုတိယသမ္မတဖြစ်တဲ့ လီနီ ရိုဘရီဒိုက ဒီနေ့ ပြောပါတယ်။
မဲရလဒ်ကို တရားဝင် မကြေညာသေးပေမယ့် မဲအများစု ရေတွက်ပြီးချိန်မှာ သူ့ ပြိုင်ဖက် ဖာဒီနန် မားကို့စ် ဂျူနီယာက အနိုင်ဖို့ သေချာနေပါတယ်။
မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်မှာ ဖိလစ်ပိုင်ရဲ့အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်တဲ့ မားကို့စ် ဂျူနီယာက မဲ ၂၆ ဒသမ ၃ သန်း ရရှိပြီး လက်ရှိ ဒုတိယ သမ္မတက ၁၂ ဒသမ ၅ သန်း ရရှိထားပါတယ်။
အခု ရွေးကောက်ပွဲရလဒ်ဟာ ၁၉၈၆ မှာ အာဏာရှင် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှုကို သမိုင်းနောက်ကြောင်းပြန်သွားစေပြီး အရှက်ရစရာရလဒ် ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဖိလစ်ပိုင်ကို ၁၉၆၅ ကနေ ၁၉၈၆ ခုနှစ်အထိ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဖာဒီနန် မားကို့စ်ဟာ လူထုအုံကြွမှုနဲ့ ပြုတ်ချသွားခဲ့ပေမယ့် သူ့မိသားစုဟာ အာဏာအသိုင်းအဝိုင်းမှာ နှစ်ပေါင်းများစွာ နေရာယူထားခဲ့တာပါ။
သားဖြစ်တဲ့ ဘွန်းဘွန်းလို့ ခေါ်ကြတဲ့ မားကို့စ် ဂျူနီယာဟာ အုပ်ချုပ်ရေးမှူး၊ ကွန်ဂရက်အမတ်၊ ဆီးနိတ် အမတ် တာဝန်တွေကို ရွေးချယ်ခံရသလို၊ သမီးဖြစ်တဲ့ အီမီးလည်း လက်ရှိ ဆီးနိတ်အမတ်တယောက်ဖြစ်ပါတယ်။
မားကို့စ်ရဲ့ ဇနီး အီမယ်လ်ဒါဟာလည်း အောက်လွှတ်တော်မှာ လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာအသိုင်းအဝိုင်းမှာ သြဇာရှိသူဖြစ်ပါတယ်။