တိုက်စစ်မှူးဟာလန်း မန်စီးတီးသို့ပြောင်းမည့်သတင်း ဒေါ့မွန်အသင်းအတည်ပြု

တိုက်စစ်မှူးဟာလန်း မန်စီးတီးအသင်းဆီပြောင်းရွှေ့မယ့်သတင်းကို ဒေါ့မွန်အသင်းက အတည်ပြုလိုက်ပါတယ်။
ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီးနောက် ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘော တူညီခဲ့ပေမယ့် တရားဝင်သတင်းထုတ်ပြန်မှု မလုပ်ဆောင်သေးပါဘူး။
ဒါပေမဲ့ ဒေါ့မွန်အသင်းဘက်ကတော့ ဟာလန်းဟာ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်နေတာကို SPORT1 မီဒီယာကို အတည်ပြုခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေအတွက် မန်စီးတီးနဲ့ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဟာလန်းကိုယ်တိုင်ကလည်း လာမယ့် စနေနေ့မှာ ဟာသာဘာလင်နဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ အသင်းပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဖို့အတွက် မန်စီးတီးနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးထုတ်ပြန်ကြေညာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
မန်စီးတီး အသင်းဟာ အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာလန်းအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းပေးချေရမှာဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်း ပေးချေသွားမှာပါ။ တရားဝင် သတင်းထုတ်ပြန်မှုကိုတော့ အခုတပတ်ပွဲစဉ်တွေမတိုင်ခင် ကြေညာသွားမယ်လို့ သိရပါတယ်။