မာရီယူပိုးမြို့ သံမဏိစက်ရုံက ယူကရိန်းစစ်သားများ လက်နက်ချခဲ့ဟု ရုရှားပြော

ရုရှား-ယူကရိန်း တိုက်ပွဲထဲမှာ မာရီယူပိုးမြို့ အာဇိုစတယ် သံမဏိစက်ရုံမှာ ရာနဲ့ချီတဲ့ ယူကရိန်းစစ်သားတွေ လက်နက်ချလိုက်ပြီး အဆိုးရွားဆုံး သွေးထွက်သံယို တိုက်ပွဲတွေထဲက တခုကို အဆုံးသတ်လိုက်ပါတယ်။
ဒဏ်ရာရရှိထားသူ ၂၉ ဦး အပါအဝင် အာဇိုစတယ်စက်ရုံမှာ ပုန်းအောင်းနေတဲ့ ယူကရိန်းစစ်သား ၆၉၄ ဦးဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လက်နက်ချခဲ့တာဖြစ်ကြောင်း ရုရှားက မေ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မေ ၁၆ ရက်ကတည်းက ၉၅၉ ဦး လက်နက်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စက်ရုံမှာ ပိတ်ဆို့ထားတဲ့ ယူကရိန်းစစ်သားတွေ လက်နက်ချခဲ့တယ်လို့ ရုရှားက ပြောပေမဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့စစ်သားတွေဟာ စက်ရုံကို ကာကွယ်ရမယ့် မစ်ရှင်ကို ပြီးမြောက်ခဲ့ပြီး စစ်သား ၂၆၀ ကျော်ဟာ ဘေးလွတ်ရာ ရောက်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။
စက်ရုံထဲမှာ အကြီးပိုင်းတပ်မှူးတွေ အပါအဝင် ယူကရိန်းစစ်သား ၁,၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ရုရှားလိုလားတဲ့ ဒွန်းနက်စ် ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်က မေ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
စက်ရုံထဲမှာ လူဘယ်လောက်ရှိနေသေးတယ် ဆိုတာကို ရုရှားရော ယူကရိန်းပါ ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။
လက်နက်ချသူတွေကိုလည်း ဘယ်လို အရေးယူဆက်ဆံမယ် ဆိုတာလည်း မရှင်းလင်းသေးပါဘူး။ ကရင်မလင်ကတော့ အားလုံးကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆက်ဆံသွားမယ်လို့ အာမခံထားပါတယ်။