ယူကရိန်းအတွက်ပေးထားသည့် ဒုံးကျည်စနစ် ရုရှားကို ပစ်ရန်မဟုတ်ဟု အမေရိကန်ပြော

အမေရိကန်လုပ် နောက်ဆုံးပေါ် ဒုံးကျည်စနစ်ဟာ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့အတွက်သာဖြစ်ပြီး ရုရှားနိုင်ငံပိုင်နက်ထဲအထိ တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇွန် ၁ ရက်မှာ ပြောပါတယ်။
ဒါကို ယူကရိန်းဘက်က သဘောတူပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောတဲ့နေ့မှာပဲ ရုရှားအစိုးရက ယူကရိန်းဘက်ကပေးတဲ့ ကတိဆိုတာ ယုံကြည်နိုင်စရာအကြောင်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။
အမေရိကန်က နောက်ဆုံးပို့လိုက်တဲ့ ဒုံးကျည်စနစ်ဟာ အဝေးကပစ်မှတ်တွေကို တိတိကျကျ ထိအောင်ပစ်နိုင်တဲ့ စွမ်းရည်မျိုး ရှိပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကိုပေးဖို့ ကတိပြုထားတဲ့ ဒေါ်လာ သန်း ၇၀၀ စစ်ရေးအကူအညီတွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။
“အမေရိကန်ကပေးလိုက်တဲ့ လက်နက်နဲ့ ရုရှားနိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တွေကို မပစ်ဘူးဆိုတာကို ယူကရိန်းဘက်က သဘောတူထားပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသွားတာပါ။
ဒါပေမဲ့ ရုရှားဘက်က ဒီလိုပြောဆိုချက်ကို မယုံကြည်ဘူးလို့ ဇွန် ၁ ရက်နေ့မှာပဲ ကရင်မလင်နန်းတော်က တုံ့ပြန်ပါတယ်။
“လူတယောက်ကို ယုံကြည်ဖို့ဆိုရင် အရင်က ကတိတည်ဖူးတာမျိုး ရှိရမယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ ပတ်သက်လာရင် ကျနော်တို့ ဒီလိုမျိုး မရှိခဲ့ဖူးဘူး” လို့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမိထရီ ပက်စကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းအရေးကို မီးမွှေးပေးနေတယ်လို့လည်း စွပ်စွဲပြောဆိုလိုက်ပါတယ်။