close

ဂရိနိုင်ငံ ပင်လယ်ရေအောက်မှ အမှိုက် ၂၃ တန်ကျော် ဆယ်ယူနိုင်ခဲ့

ကမ္ဘာ့သမုဒ္ဒရာများနေ့အြဖစ် သတ်မှတ်ထားတဲ့ ဇွန် ၈ ရက်နေ့မတိုင်ခင် နိုင်ငံတကာ အဏ္ဏဝါထိန်းသိမ်းရေး အဖွဲ့တွေဟာ ပင်လယ်ပြင်သန့်ရှင်းရေး လုပ်ဆောင်ကြရာမှာ ဂရိနိုင်ငံရဲ့ အိုင်-အို-နီးယန်း ရေပြင်ထဲက အိသကာကျွန်းတဝိုက်ရှိ ပင်လယ်ရေအောက် အနက်ကနေ ငါးဖမ်းပိုက်ကြီးတွေ ၂ ဒါဇင်လောက် အပါအဝင် အမှိုက် ၂၃ တန်ကျော်ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာများနေ့ဟာ သမုဒ္ဒရာတွေအပေါ် လူသားတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် အကျိုးသက်ရောက်မှုတွေကို သတိပြုမိစေဖို့ လုပ်ဆောင်ပေးတဲ့ နိုင်ငံတကာ အခမ်းအနားတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ ဗြိတိန်၊ နယ်သာလန်၊ လက်ဘနွန်၊ ဟန်ဂေရီနဲ့ ဂရိတို့က စေတနာ့ဝန်ထမ်း ရေငုပ်သမားတွေဟာ ဒေသခံ တံငါသည်တွေနဲ့အတူ ပင်လယ်သန့်ရှင်းရေး လုပ်ဆောင်ရာမှာ ငါးမွေးမြူရေးပိုက်ကြီး ၂၅ ခု အပါအဝင် အမှိုက် ၂၃ ဒသမ ၅ တန်ကို စုစည်းရရှိခဲ့ပါတယ်။

စွန့်ပစ်ထားတဲ့ပိုက်တွေဟာ ပင်လယ်ရေအောက်မှာ မမြင်ရသလောက်ဖြစ်နေပြီး နှစ်စဉ်နှစ်တိုင်း ရေနေတိရစ္ဆာန်တွေကို ထောင်ချောက်ထောင်၊ သတ်ဖြတ်မိအောင် လုပ်နေတာကြောင့် တစ္ဆေပိုက်တွေလို့လည်း နာမည်ပေးထားပါတယ်။

ရေငုပ်သမားတွေဟာ  ပင်လယ်ကြမ်းပြင်ရှိ သဲတွေအောက်ကနေ ရှည်လျားပြီး လေးလံတဲ့ ပိုက်ကွန်တွေကို တူးထုတ်ယူခဲ့ကြပါတယ်။ ကရိန်းပါတဲ့လှေကနေ ပိုက်ကွန်တွေကို ရေပြင်ပေါ် ဆွဲတင်လိုက်ပြီး ကွန်တိန်နာတွေထဲ ထည့်ထားလိုက်ပါတယ်။

စွန့်ပစ်ထားတဲ့ပိုက် ခေါ် တစ္ဆေပိုက်တွေကို Aquafil အထည်အလိပ်ကုမ္ပဏီကနေ ပြန်အသုံးပြုမှာဖြစ်ပြီး အဝတ်အထည်နဲ့ ကော်ဇောလို ထုတ်ကုန်တွေလုပ်ရာမှာ သုံးတဲ့ ချည်မျှင်တွေအဖြစ် ပြောင်းလဲသုံးစွဲမှာ ဖြစ်ပါတယ်။

အမှိုက်အများစုကို အခုပိတ်ထားတဲ့ ငါးမွေးမြူရေးခြံတခြံကနေ စွန့်ပစ်ထားတာဖြစ်ကြောင်း Healthy Seas သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း ပင်လယ်ပြင်နဲ့ သမုဒ္ဒရာတွေအတွင်းမှာ ငါးဖမ်းကိရိယာ တန်ချိန် ၆၄၀,၀၀၀ လောက်ဟာ ပျောက်ဆုံးတာ၊ စွန့်ပစ်တာမျိုးတွေ ရှိနေပြီးတော့ ပင်လယ်ပြင်ကို ထိခိုက်စေတဲ့ ပလတ်စတစ်အမှိုက်တွေဟာ ရေထဲမှာ မိုက်ခရိုပလတ်စတစ်တွေ ကျန်ရှိစေပြီး အစာကွင်းဆက်ကို အဆုံးသတ်ပစ်လိုက်ကြောင်း Healthy Seas ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

//
Up