close

ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အစွန်နဲ့ ရှမ်းပြည်နယ်မဘိန်းမြို့နယ်အစပ် ကျေးရွာတရွာရှိ လောင်း‌တော်ဦး ဘုန်းကြီးကျောင်းဝင်းမှာ ဇွန် ၁၁ ရက် မနက် ၇ နာရီလောက်က  စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ‌ကြောင့် ဒေသခံပြည်သူ လေးယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။

ဒေသခံရွာသားတယောက်က “ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးနှစ်လုံးကျတယ်။ သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းမှာ လုပ်ကိုင်နေတဲ့သူတွေပဲ။ တိုက်ပွဲဖြစ်တော့ သူတို့က ဘုန်းကြီး‌ကျောင်းကုန်းပေါ်ကနေကြည့်တာထင်တယ်။ အဲတာနဲ့ ဘုန်းကြီးကျောင်းက မြေပြင်မှာ လက်နက်ကျည် လာကျတော့ ဘေးမှာရှိတဲ့သူတွေထိကုန်တာ” လို့ပြောပါတယ်။

လတ်တလော ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့   ဆေးကုသဖို့ ရွှေကူမြို့ဘက်ကို ပို့ဆောင်ထားပါတယ်။ 

စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်ဘက်ခြမ်း ပွဲစမိတ်ဘုရားကုန်းကနေ ‌ကသာဘက်ခြမ်းရှိ လောင်းတော်ဦးဘုန်းကြီးကျောင်းဝင်းနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မဘိမ်းမြို့နယ် ၊ ညောင်ပင်သာဘက်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကသာမြို့နယ်အစပ်က လှေဘိုကျေးရွာအနီးမှာ ကသာခရိုင် PDF တပ်ရင်း (၃)၊ ABSDF၊ ကသာ ပကဖပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ လောက်လောက် သေဆုံးနိုင်တယ်လို့   ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပေမဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ကလည်း မဘိမ်းမြို့နယ် ကွန်းချောင်းနေရာတွေနဲ့ ကသာမြို့နယ်ထဲက ဟဲနားရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ကသာမြို့နယ်ထဲ စစ်ကောင်စီတပ်သားတွေ အင်အားတိုးကာ စစ်ကြောင်းထိုးနေတာကြောင့်  ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

//
Up