အော်စလိုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းတွေပေါ် ချီတက်ဆန္ဒထုတ်ဖော်

နော်ဝေနိုင်ငံရဲ့ မြို့တော်အော်စလိုမှာ လူသေဆုံးရတဲ့ သေနတ်ပစ်ခတ်မှုဖြစ်ပြီး ကျား၊ မ လိင်စိတ်ခံယူချက် ကွဲလွဲသူတွေ (LGBTQ) ရဲ့ ချီတက်ပွဲ ဖျက်သိမ်းခဲ့ရပေမဲ့ ပြည်သူတွေဟာ အော်စလိုမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒထုတ်ဖော်ကြပါတယ်။
Oslo Pride ချီတက်ပွဲကို ရဲတွေရဲ့ အကြံပေးချက်အရ စီစဉ်သူတွေက ဖျက်သိမ်းခဲ့ပေမဲ့ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက အော်စလိုမြို့လယ်မှာ စတင်စုရုံးခဲ့ပြီး သက်တံ့အလံတွေကို ဝှေ့ယမ်းရင်း မြို့ထဲလမ်းတွေတလျှောက် ချီတက်ခဲ့ကြပါတယ်။
“ငါတို့ဒီမှာရှိတယ်၊ ငါတို့ စိတ်ဆိုးတယ်၊ ငါတို့ပျောက်မသွားဘူး” လို့လည်း ချီတက်သူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။
စနေအစောပိုင်းက သေနတ်သမားတယောက်ရဲ့ ရမ်းသန်းပစ်ခတ်မှုအပြီး လူ ၂ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တာပါ။
လိင်စိတ်ခံယူချက် ကွဲလွဲသူတွေ (LGBTQ) အတွက် အချက်အခြာဖြစ်ရာ အော်စလိုမှာရှိတဲ့ လန်ဒန်အရက်ဆိုင်ရဲ့ အတွင်းနဲ့ အပြင်မှာ တိုက်ခိုက်ခံ ခဲ့ရတာပါ။
သံသယရှိသူ နော်ဝေနိုင်ငံသား အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ အီရန်နိုင်ငံဖွားဖြစ်ပြီး ၂၀၁၅ တည်းက ထောက်လှမ်းရေးတွေက သတိထားမိတဲ့ အစွန်းရောက် အစ္စလာမစ် တယောက်လို့ ယုံကြည်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။