close

သီရိလင်္ကာသမ္မတ နုတ်ထွက်မည်ဟုကြေညာပြီးနောက် ပြည်သူများအောင်ပွဲခံ

သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာဟာ  ဇူလိုင် ၁၃ ရက်မှာ နုတ်ထွက်တော့မယ်လို့ လွှတ်တော်ပြောခွင့်ရသူက ဇူလိုင် ၉ ရက်မှာ အတည်ပြုပြောပါတယ်။

သမ္မတက သူနုတ်ထွက်တော့မယ့်အကြောင်းကို အကြောင်းကြားခဲ့တယ်လို့ လွှတ်တော်ပြောခွင့်ရသူ မဟင်ဒါရာပါ အဘီဝါဒီနာက ပြောပါတယ်။ 

“ဇူလိုင် ၁၃ ရက်မှာ သူနုတ်ထွက်ပါတော့မယ်။ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးကို အဆင်ပြေစေဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

သမ္မတရာထူးကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ကိုလံဘိုမြို့မှာ မီးရှူးမီးပန်းတွေ လွှတ်ပြီး အောင်ပွဲခံနေကြတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

ဒေါသထွက်နေတဲ့ ဆန္ဒပြလူအုပ်ကြီးက ကိုလံဘိုမြို့တော်က သမ္မတအိမ်တော်ကို ဝင်စီးနင်းအပြီး ခုလို ကြေညာခဲ့တာပါ။ 

ဆန္ဒပြသူတွေဟာ ဇူလိုင် ၉ ရက်မနက် အစောပိုင်းက သမ္မတအိမ်တော်ကို ဝင်ရောက် စီးနင်းခဲ့ကြပြီး ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သမ္မတဂိုတာဘာယာရာဂျာပက်ဆာရဲ့ ပင်လယ်ဘက် မျက်နှာမူထားတဲ့ ရုံးခန်းတွေအတွင်းကို ဝင်ရောက်ခဲ့ကြပါတယ်။ 

ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အပါအဝင် ဆန္ဒပြသူတွေဟာ သမ္မတရဲ့ နာမည်ကို အတိုကောက်သုံးရင်း "ဂိုတာ အိမ်ပြန်”လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က လေထဲ သေနတ်ထောင် ဖောက်ရင်း မျက်ရည်ယိုဗုံးတွေနဲ့ပါ ပစ်ခတ်ခဲ့ပေမယ့် ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးကို မတားနိုင်ခဲ့ဘူးလို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ 

သမ္မတ ရာဂျာပက်ဆာဟာ ဆန္ဒပြပွဲ မတိုင်ခင် ဇူလိုင် ၈ ရက်မှာ သမ္မတအိမ်တော်ကနေ ထွက်ခွာသွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့ပေမဲ့ သမ္မတ ရှိနေတဲ့နေရာကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။  

၀န်ကြီးချုပ် ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ကလည်း ပါတီစုံအစိုးရအတွက် လမ်းဖွင့်ပေးဖို့ ရာထူး ကနေ နုတ်ထွက်ဖို့ လိုလားတယ်လို့ ဇူလိုင် ၉ ရက် မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဝစ်ကရာမဆင်းဂေးကိုလည်း လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းထားခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောကြားခဲ့ပါတယ်။ 

ဇူလိုင် ၉ ရက် ဆန္ဒပြမှုတွေအတွင်း ရဲအရာရှိ နှစ်ယောက် အပါအဝင် အနည်းဆုံး လူ ၃၉ ယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ဆေးရုံသတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

//
Up