close

မိုင်းရှူးတွင် ခရီးသွားမိသားစု ၃ ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှုးမြို့နယ်ထဲမှာ ဇူလိုင် ၁၈ ရက် ည ၇ နာရီလောက်က ကိုယ်ပိုင်ကားနဲ့ခရီးသွားနေတဲ့ မိသားစု ၃ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ 

မိုင်းရှူးမြို့နယ် တောင်ဟျိုးကျေးရွာနေ စိုင်းသီဟ၊ ဇနီး နန်းဆိုင်လူ နဲ့  ၃ နှစ်ရွယ်သားလေးတို့ဟာ မိုင်းအွတ်ရွာမှ တောင်ဟျိုးရွာသို့ကားနဲ့ ပြန်လာကြစဉ် လမ်းခုလတ်မှာ သေနတ်ပစ်ခံရပြီး နန်း ဆိုင်လူနဲ့ သားလေးတို့ နေရာမှာတင် သေဆုံးကာ စိုင်းသီဟကတော့ မိုင်းရှူးဆေးရုံရောက်ပြီးမှ သေဆုံးသွားတာလို့ မိုင်းရှုူးဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က သူတို့မိုင်းအွတ်ကနေ တောင်ဟျိုးရွာကို ပြန်လာနေတုန်း သေနတ်နဲ့အပစ်ခံရတယ်။ စိုင်းသီဟက ဒဏ်ရာတွေနဲ့ ကားပေါ်ကဆင်းလာပြီး ယောက္ခမဆီ ဖုန်းဆက်သေးတယ်တဲ့၊ အပစ်ခံ ရတယ်ပေါ့။ အဲဒါသူတို့ မိဘနဲ့ရွာသားတွေလိုက်လာတာ သူ့မိန်းမနဲ့ ကလေးက ကားထဲမှာ အသက်မရှိတော့ဘူး။ ကလေးက သူ့အမေရဲ့ပခုံးပေါ်မှောက်လျက်သား၊ ကျည်ဆန်က နောက် ကျောကနေပေါက်ထွက်သွားတယ်။ စိုင်းသီဟက ဘယ်နှချက်ထိလဲတော့မသိဘူး၊ ဆရာဝန်တွေ ခွဲကြည့်တာ သူ့ကိုယ်ထဲမှာ ကျည်ဆန်က သေးသေးလေး ၁ တောင့်တွေ့တယ်၊ ဓားထိုးရာ လည်း ရှိတယ်တဲ့။  ကနေ့မနက်ဆေးရုံကို ၇ နာရီခွဲရောက်သွားတယ်၊ စိုင်းသီဟဆုံးသွားပြီလို့ ဆေးရုံ က ပြောတော့ သူ့အသုဘကို ဆက်ပြီးကူညီလိုက်တာ။ မိန်းမနဲ့ကလေး အလောင်းကိုတော့ မနေ့ညကတည်းက ရွာပြင်မှာ သင်္ဂြိုဟ်ပြီးပြီ။”

သူတို့မိသားစုကို ဘယ်သူက ဘာကြောင့်သတ်လဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

“တချို့ကပြောတော့ ဆိုင်ကယ်နဲ့စီးလာပြီး ပစ်တာ၊ ပြီးတော့ စိုင်းသီဟကို ဓားနဲ့ထိုးတယ်လည်း ပြောတယ်။ ဒီလိုဘဲ သူများ ပြောတာကြားတာပဲ။ ဒါပေမယ့် ဘယ်သူက မြင်လဲဆို မသိဘူးတဲ့၊ မျက်စိနဲ့မမြင်ရတော့ ဘယ်ဘက်ကပစ်လဲဆိုတာ ပြောလို့မရဘူးပေါ့”  လို့ သူက ဆက်ပြောပါတယ်။ 

မိုင်းအွတ် နဲ့ တောင်းဟျိုးရွာမှာ ၂ မိုင်ခန့်သာကွာဝေးကြောင်း၊ ဒါပေမယ့် အဲဒီလမ်းအပိုင်းမှာ စစ် ကောင်စီတပ်တွေ ရောက်ရှိနေပြီး SSPP ရှမ်းတပ်နဲ့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

//
Up