ပင်လယ်နက်ဆိပ်ကမ်းပြန်ဖွင့်ရေး သဘောတူညီချက်ရအောင် ကြိုးပမ်းမည်ဟု ကုလပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တူရကီခရီးစဉ်အတွင်း ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ ပင်လယ်နက်ဆိပ်ကမ်း ပြန်ဖွင့်ရေးကိစ္စနဲ့ ပတ်သက်လို့ သဘောတူ လက်မှတ်ထိုးတဲ့အဆင့်ထိ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အခြေအနေက မတည်မငြိမ်ဖြစ်နေတာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ကံသေကံမ မပြောနိုင်သေးဘူးလို့ ကုလသမဂ္ဂ ပြောခွင့်ရ ဖာဟန်ဟက်က နယူယော့ခ်မှာ သတင်းထောက်တွေ ကို ပြောပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူးကလည်း ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ သဘောတူညီချက် ရရှိဖို့ သူမျှော်လင့်ထားတဲ့အကြောင်း ပြောပါတယ်။
အရင်တပတ်က အစ္စတန်ဘူလ်မှာ ကုလသမဂ္ဂက ဦးဆောင်တဲ့ အစည်းအဝေးအတွင်း ယေဘုယျ သဘောတူညီချက် ရရှိခဲ့ပြီး ဒါကိုပဲ စာချုပ်စာတမ်း ဖြစ်လာအောင် ကုလသမဂ္ဂနဲ့ တူရကီ အစိုးရတို့ ကြားဝင် စေ့စပ်ပေးနေတာပါ။
အရင်လက ညှိနှိုင်းမှုအတွင်း သံတမန်တွေဟာ ပင်လယ်နက်ဆိပ်ကမ်းကနေ ဘယ်လို ကုန်တင်ရေယာဉ်အမျိုးအစားတွေကို အသုံးပြုရမလဲ၊ ဒီအချိန်မှာ ရုရှားဘက်က အပစ်ရပ်စဲထားဖို့ သဘောတူညီချက်ကို ရရှိခဲ့ကြပါတယ်။